စဉ့်ကိုင် ဒီဇင်ဘာ ၁၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာ၀န်ရှိသူများနှင့် ကျေးရွာဒေသခံပြည်သူများ တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက် (၈) နာရီခွဲက ညောင်ပင်ကြီး ကျေးရွာအုပ်စု၊ ထန်းသုံးပင်ကျေးရွာအတွင်းရှိ ကိုးန၀င်းအေးစေတီဘုရားဓမ္မာရုံတွင် တွေ့ဆုံခဲ့ကြသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဗိုလ်အောင်မောင်မောင်က နိုင်ငံတော်က ဒေသဖွံ့ဖြိုးရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးဆောင်ရွက်ပေးနေမှု အခြေအနေများ၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေးရွာပြည်သူများ၏ လိုအပ်ချက်များကို သက်ဆိုင်ရာဌာနများမှ ချက်ခြင်းညှိနှိုင်းဆောင်ရွက်ပေး၍ ရမည့်လုပ်ငန်းများကို ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အသေးစိတ် ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ရဲမှူးသိန်းလွင် က လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာကိစ္စများ၊ ပြည်သူများအေးချမ်းတည်ငြိမ်စွာ နေထိုင်နိုင်ရေး ဆောင်ရွက်ပေးနေမှုအခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့သည်။
ဆက်လက်၍ မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ် ကော်မရှင်၊ မြို့နယ်ပညာရေး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဆည်မြှောင်းဦးစီးဌာန၊ မြို့နယ် ကျေးလက်လမ်း ဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဌာနအစရှိသည့် ဌာနများမှ တာ၀န်ရှိသူများကလည်း ကျေးရွာအတွက်မိမိတို့ဌာနအလိုက် ဆောင်ရွက်ပေးနေသည့် လုပ်ငန်းများကို အသီးသီးရှင်းလင်းဆွေးနွေးခဲ့ကြပြီး ကျေးရွာပြည်သူများက ကင်းလတ်ကျေးရွာ ရေထိန်းနံရံသစ် ဆောင်ရွက်ပေးရန်နှင့် ခမောက်လက်တံမြှောင်းတူးဖော်ပေးစေလိုကြောင်း၊ ညောင်ပင်ကြီးကျေးရွာ ရိုးမြှောင်းတူးဖော်ပေးရန်၊ ကင်းလတ်မြောက်တောကြီး လမ်းပြုပြင် ပေးရန်၊ ကင်းလတ်၊ ထန်းသုံးပင်၊ ကုန်ထုတ်လမ်း လိုအပ်လျက်ရှိပါကြောင်း ရွာတွင်းရေတွင်းများမှာ ရေငန်များဖြစ်သည့် အတွက် သောက်သုံးရေအဖြစ် ရေသန့်စက်ရုံဆောက်ပေးစေလိုကြောင်း အသီးသီးတင်ပြ ဆွေးနွေးကြရာ သက်ဆိုင်ရာဌာနများမှ ဖြည့်ဆည်းဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်ကျန်းမာရေးဌာနမှ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံ ရန်ကျန်ရှိနေသူများကို ထိုးနှံပေးခဲ့ပြီး တက်ရောက်လာသည့် ပြည်သူများအား လျှပ်စစ်ဌာနမှ လျှပ်စစ်အန္တရာယ်ကင်း ဝေးရေးအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။ အဆိုပါ တွေ့ဆုံ ညှိနှိုင်းဆွေးနွေးပွဲသို့မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ကျေးလက်ဒေသနှင့် ဆက်စပ်သည့် ဌာနဆိုင်ရာများ၊ ထန်းသုံးပင်ကျေးရွာနှင့် ညောင်ပင်ကြီး ကျေးရွာပြည်သူများ စုစုပေါင်း (၂၅၀) ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
၀င်း၀င်းသန်း(စဉ့်ကိုင်)