တောင်သာ ဒီဇင်ဘာ ၁၂
တောင်သာမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် နယ်လှည့်ကွင်းဆင်း၍ ဟောပြောပွဲ၊စာဖတ်ဝိုင်းနှင့် နံရံကပ်စာစောင်ပြပွဲ ပြသဆောင်ရွက်မှုအား ယနေ့နံနက်(၉)နာရီအချိန်က အနောက်ရပ်(အလက)ကျောင်းကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်သိမ့်သိမ့်အေးက ကျောင်းသား/ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပဗဟုသုတရရှိစေရန်၊ကျောင်းစာကို လည်း ကြိုးစားသင်ယူလေ့လာကြရန်လိုကြောင်းနှင့် ကျောင်းသား/ကျောင်းသူများ ပညာရည် ပြည့်ဝ နေမှသာ အမှားအမှန် ဝေဖန်ပိုင်းခြားနိုင်ပြီး မိမိဘဝတိုးတက်မြင့်မားလာနိုင်မှာ ဖြစ်ပါကြောင်း စတဲ့အကြောင်းအရာများအား ဟောပြောပြီးနောက် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနဒုတိယဦးစီးမှူး ဒေါ်သိမ့်သိမ့်အေးနှင့် ဝန်ထမ်းများက စာဖတ်ဝိုင်းအား ဆက်လက် ကျင်းပရာ ယင်းစာဖတ်ဝိုင်းတွင် ကျောင်းသား/ကျောင်းသူများ အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ထို့နောက် သဘာဝဘေးအန္တရာယ်အသိပညာပေး နံရံကပ်စာစောင်အား ပြသထားရာ အနောက် ရပ် (အလက)ကျောင်းမှ ကျောင်းသား/ကျောင်းသူများကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ကျော်မျိုးနိုင်(တောင်သာ)