ကျောက်ပန်းတောင်းမြို့နယ် တံခွန်တိုင်ကျေးရွာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏အစီအစဉ်ဖြင့် သက်မွေးဝမ်းကျောင်းအထောက်အကူပြု တစ်လုံးထိုးအင်ဂျင်စက်ပြင်သင်တန်းဖွင့်လှစ်

ကျောက်ပန်းတောင်း  ဒီဇင်ဘာ  ၁၂

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ အစီအစဉ်ဖြင့်ဖွင့်လှစ်သည့်၊ ကျေးလက်နေပြည်သူများ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု တစ်လုံးထိုးအင်ဂျင်ပြုပြင်ခြင်း သင်တန်းဖွင့်ပွဲကို၊ ယနေ့ နံနက်(၉)နာရီက ခပေါင်းကုန်းကျေးရွာအုပ်စု၊ တံခွန်တိုင်ကျေးရွာ စိန်ဘုန်းတော်ကြီးကျောင်းတွင်ပြုလုပ်ခဲ့ကြောင်းသိရသည်။

အခမ်းအနားတွင် ညောင်ဦးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးခင်မောင်ကျော်က အဖွင့်အမှာစကားပြောကြားပြီး၊ ကျောက်ပန်းတောင်းမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်မင်းထွန်းက မြို့နယ်ကျေး လက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ဘဏ္ဍာနှစ်အလိုက်လုပ်ငန်းဆောင်ရွက်ပေးနေမှု အခြေအနေများနှင့် ယခုကဲ့သို့ ကျေးရွာအရောက်တစ်လုံး ထိုးအင်ဂျင်ပြုပြင်ခြင်းသင်တန်း လာရောက်ဖွင့်လှစ်ပေးရသည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။ ဆက် လက်၍ မြို့နယ်ဦးစီးအရာရှိ ဦးတင်ကိုလတ်က သင်တန်းတက်ရောက်မှုအခြေအနေများနှင့် သင်တန်းစည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြောကြားပြီး၊ နည်းပြဆရာနှင့်လက်ထောက်နည်းပြများ၊ သင်တန်းသားများက တစ်ဦးချင်းမိတ်ဆက်ကြရာ၊ ခရိုင်ဦးစီးမှူးနှင့်မြို့နယ်ဦးစီးမှူးတို့က ကျေးရွာလိုအပ် ချက်များကိုမေးမြန်း ဆွေးနွေးကြပြီး ဖွင့်ပွဲအခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

ယင်းနောက် ခရိုင်ဦးစီးမှူး၊ မြို့နယ်ဦးစီးမှူးနှင့်တာဝန်ရှိသူများက သင်တန်းတွင်အသုံးပြုမည့် သင်ထောက်ကူပစ္စည်းများ ခင်းကျင်းပြသထားရှိမှုကိုကြည့်ရှုစစ်ဆေး၍၊ သင်တန်းစတင်သင်ကြားနေမှု အခြေအနေများကို ကြည့်ရှုအားပေးကြသည်။ ယနေ့ဖွင့်လှစ်သည့် တစ်လုံးထိုးအင်ဂျင်ပြုပြင်ခြင်းသင်တန်းသို့အနီး ဝန်းကျင်ကျေးရွာများဖြစ်သည့် ခပေါင်းကုန်း၊ ဆင်ဂေါင်း၊ ဂဲကြီးကုန်း၊ မြေနီကုန်း၊ စလင်းတောင်ကျေးရွာများမှ သင်တန်းသားလူငယ်(၁၅)ဦး တက်ရောက်ကြမည်ဖြစ်ကြောင်းသိရပြီး၊ သင်တန်းကာလမှာ (၁၂-၁၂-၂၀၂၂)ရက်နေ့မှ (၂၁-၁၂-၂၀၂၂)ရက်နေ့အထိ(၁၀)ရက်ဖြစ်ကြောင်းသိရသည်။

နေအောင်(ပြန်/ဆက်)