မိုင်းဖြတ် ဒီဇင်ဘာလ ၁၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် အသက်မွေးဝမ်းကျောင်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ဒီဇင်ဘာလ ၁၁ ရက် မွန်းလွဲ ၂ နာရီက တောညုကျေးရွာအုပ်စု၊ အင်ပါဟုန်း(အောက်)ရွာရှိ ဘုရားကျောင်း၌ ပူးပေါင်းကွင်းဆင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဦးဂျွန်ပေါက ဟောပြောပွဲ ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး မြို့နယ်ဦးစီးမှူး ဒေါက်တာ ထွန်းဇော်ဝင်းက ကျွဲ၊ နွားများ စနစ်တကျ မွေးမြူရေးနိုင်ရေး နည်းလမ်းများ၊ ရာသီအလိုက်ဖြစ်ပွားတတ်သော ရောဂါနှင့်ရောဂါလက္ခဏာများ၊ ကြိုတင်ကာကွယ်ရမည့် နည်းလမ်းများနှင့် ကာကွယ်ဆေးများ ထိုးနှံထားရှိရမည့် အခြေအနေများကို ရှင်းလင်းဟောပြောသည်။ ထိုနောက် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးစီးအရာရှိ ဦးရှောလမွန်က စာတတ်သူစာဖတ်၍ ဘဝကိုမြှင့်တင်ရေးနှင့် လွတ်လပ်ရေး ဖြစ်ပေါ်လာပုံအကြောင်း သိကောင်းစရာများကို လည်းကောင်း၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးစီးအရာရှိ ဦးရာဇာဝင်းထွန်းက သဘာဝဘေးအန္တရာယ် အမျိုးအစားများ၊ ကြိုတင်ကာကွယ်ရေး နည်းလမ်းများနှင့် ပြည်သူ့အကျိုးပြု ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှု အခြေအနေများကိုလည်းကောင်း အသီးသီးရှင်းလင်း ဟောပြောခဲ့ကြသည်။
ထိုနောက် ဟောပြောပွဲသို့ တက်ရောက်လာသော ကျေးလက်ပြည်သူများအား အသိပညာပေး လက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေးပြီး အာဟာရအစား အစာများဖြစ်သည့် ကြက်ဥနှင့်မုန့်များကို အခမဲ့ဝေငှပေးခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)