ကျောက်မဲ ဒီဇင်ဘာ ၁၂
ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းနှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၃ နာရီက ကျောက်မဲမြို့ ခိုမုန်းကျေးရွာ၊ ထမ်လင်းကျောင်း၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ကျောက်မဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးညွှန့်ရွှေက တွေ့ဆုံပွဲ အခမ်းအနား ပြုလုပ်ရခြင်း ရည်ရွယ်ချက်များနှင့် ပတ်သက်၍ ဆွေးနွေးသည်။ ထို့နောက် မြိုနယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ကျောက်မဲမြို့နယ်အဆင့် ဌာနဆိုင်ရာများ ဖြစ်ကြသည့် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ် ဦးစီးမှူးရုံး၊ ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း၊ လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးရေးလုပ်ငန်း၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တို့မှ တာဝန်ရှိသူများက ဌာနအလိုက် ဆောင်ရွက်နေမှုအခြေအနေများနှင့် ဒေသဖွံ့ဖြိုးရေးအတွက် ဌာအလိုက် ဆက်လက်ပူးပေါင်းဆောင်ရွက်ပေးမည့် အခြေအနေများအား အသီးသီးရှင်းလင်း တင်ပြသည်။
ထို့နောက် ကျေးရွာနေပြည်သူများက လိုအပ်ချက်များအား ပြန်လည်တင်ပြ ဆွေးနွေးကြရာ တင်ပြချက်များအပေါ် သက်ဆိုင်ရာဌာနအလိုက် ပြန်လည်ရှင်းလင်း ဆွေးနွေးပြီး ဌာနဆိုင်ရာတာဝန်ရှိသူများက ဆောင်ရွက်ပေးမည့် အစီအစဉ်များအား ရှင်းလင်းပြောကြားသည်။
အဆိုပါ တွေ့ဆုံပွဲသို့ ဒေသခံပြည်သူ (၅၀) ဦး ကျော်တက်ရောက်ခဲ့ကြပြီး အခမ်းအနားအား ညနေ ၅ နာရီတွင် ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
မိုင်းထွန်း(ပြန်/ဆက်)