မိုင်းယောင်း စက်တင်ဘာ ၂၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ယမန်နေ့က ကိုယ်ဝန်ဆောင် မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်နှစ်နှစ်အောက် ကလေးများ အား လူမှုဝန်ထမ်းဦးစီးဌာန၏ ငွေကြေးထောက်ပံ့ပေးရေးအစီအစဉ်မှ ထောက်ပံ့ငွေ များ ပေးအပ်ခဲ့ကြောင်း လူမှုဝန်ထမ်းဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်နန်းကိန်ခိုင်ထံမှ သိရသည်။
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့် KBZ bank တို့ပူးပေါင်းပြီး Mobile Application ဖြင့် ကောက်ယူခဲ့သည့် စာရင်းများအနက် ငွေကြေးထောက်ပံ့ပေးရေးအစီအစဉ် စာရင်းသွင်းထားသည့် ကိုယ်ဝန်ဆောင်မိခင် ၂၇၈ ဦးနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက် နှစ်နှစ်အောက် ကလေးငယ် ၁၁၇ ဦးတို့အား တစ်လလျှင် ကျပ် ၁၅၀၀၀ နှုန်းဖြင့် ပထမသုံးလပတ်(ဧပြီ၊ မေ၊ ဇွန်)၊ ဒုတိယသုံးလပတ်(ဇူလိုင်၊ ဩဂုတ်၊ စက်တင်ဘာ)လအတွက် တစ်ဦးလျှင်ကျပ် ၉၀၀၀၀ ကို အကျိုးခံစားခွင့်ရှိသူ လက်ဝယ်အရောက် ထောက်ပံ့ပေး အပ်ခဲ့သည်။
အကျိုးခံစားခွင့်ရှိသူ ကိုယ်ဝန်ဆောင်များအနေဖြင့် စာရင်းသွင်းစဉ် ကိုယ်ဝန်ဆောင်ကာလ အတိုင်း ထောက်ပံ့ငွေများ ရရှိခဲ့ကြကာ ဖုန်းနံပါတ်ရှိပြီး အကျိုးခံစားခွင့် ရရှိသူများအား KBZ Pay မှလည်းကောင်း၊ ဖုန်းမရှိသူ အကျိုးခံစားခွင့် ရရှိသူများအား ၎င်းတို့နေထိုင်ရာ ရပ်ကွက်/ ကျေးရွာများအထိ KBZ Pay မှ ဝန်ထမ်းများက အိမ်တိုင်ရာရောက်လိုက်လံပေးအပ်ခဲ့ကြောင်း မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ သိရသည်။
စိုင်းအောင်ဇော်လင်း