ဆီဆိုင်မြို့နယ်တွင်  အသက်မွေးဝမ်းကျောင်းအထောက်အကူပြု လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်မှု နည်းပညာသင်တန်းဆင်းပွဲကျင်းပ

ဆီဆိုင်   ဒီဇင်ဘာ ၁၂

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်မှု နည်းပညာ သင်တန်းဆင်းပွဲကို ယမန်နေ့နံနက် ၁၀ နာရီက နောင်ကျောကျေးရွာအုပ်စု၊ ဘုရားဖြူ ကျေးရွာခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးမှူး ဒေါ်လွင်လွင်ဦးက သင်တန်းသား၊ သင်တန်းသူများအား သင်တန်း၌ မိမိတို့တတ်ထားသည့်နည်းပညာကို အသုံးချ၍ တစ်ပိုင်တစ်နိုင်မှ စီးပွားဖြစ် ထုတ်လုပ်ရောင်းချနိုင်အောင်ကြိုးစားကြရန်နှင့် သင်တန်းသား၊ သင်တန်းသူများအနေဖြင့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်မှုနည်းပညာ တတ်မြောက်ထားသော်လည်း အရင်းအနှီးမရှိပါက မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေမှ မတည်ထုတ်ချေးပေးမည်ဖြစ်ပြီး မြစိမ်းရောင်ကျေးရွာစီမံကိန်းမရှိသည့် ကျေးရွာမှ သင်တန်းသား၊ သင်တန်းသူများကိုလည်း  ရင်းနှီးရန်ပုံငွေရရှိရေး ဆောင်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားပြီး    ဆီဆိုင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဆန်းဦးက အသက်မွေးဝမ်းကျောင်း အထောက်အကူပြု လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်လှစ်ခြင်းနှင့်ပတ်သက်၍ အမှာစကား ပြောကြားသည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးခွန်အောင်ကျော်မြင့်နှင့် သင်တန်းဆရာတို့က သင်တန်းဆင်းအမှာစကား ပြောကြားပြီးနောက် တာဝန်ရှိသူများက သင်တန်း သား၊ သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များပေးအပ်ခဲ့သည်။

အဆိုပါ သင်တန်းတွင် ဆပ်ပြာရည်အမျိုးမျိုး၊ ခေါင်းလျှော်ရည်အမျိုးမျိုးနှင့် ဆပ်ပြာခဲအမျိုးမျိုး ပြုလုပ်နည်းကို နောင်ကျောကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ (၉) ရွာမှ သင်တန်းသား၊ သင်တန်းသူ (၂၀) ဦးတို့အား ဒီဇင်ဘာ (၆) ရက်နေ့မှ ဒီဇင်ဘာ (၁၁) ရက်နေ့အထိ စာတွေ့လက်တွေ့ အခမဲ့သင်ကြား ပို့ချပေးခဲ့ကြောင်း သိရသည်။

မျိုးမြတ်(ဆီဆိုင်)