နောင်တရားမြို့၌ ဆီထွက်သီးနှံ နှမ်းလုံး စတင်ရိတ်သိမ်း

နောင်တရား ဒီဇင်ဘာ ၁၂

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့ အနီးပတ်ဝန်းကျင်ကျေးရွာများတွင် ဆီထွက်သီးနှံဖြစ်သည့် နှမ်းလုံးများကို စတင်ရိတ်သိမ်းလျက် ရှိကြောင်း တောင်သူတစ်ဦးထံမှ သိရသည်။

“ယခင်နှစ်က နှမ်းလုံးဈေးကောင်းတယ် အစောပိုင်းက တစ်ပိဿ ကျပ် ၅၀၀၀ ကနေ့ တစ်ပိဿ ကျပ် ၁၅၀၀၀ အထိဈေးရတယ် ယခုနှမ်းလုံးတစ်ပိဿကို ကျပ် ၉၀၀၀ မှ ကျပ် ၁၂၀၀၀ အထိ အရောင်းအဝယ်ဖြစ်နေပါတယ် ဈေးတက်မတက်တော့ မသိသေးဘူး နှမ်းလုံးတွေ စသိမ်းတုန်းဘဲ ရှိသေးတယ်  နှမ်းလုံး (၄) ဧကလောက် စိုက်ဖြစ်တယ်ဟု” မီးတောက်ကျေးရွာမှ နှမ်းစိုက် တောင်သူတစ်ဦးကပြောသည်။ တစ်ဧကလျှင် နှမ်းလုံးအပင်ကောင်းမကောင်းနှင့် ရိတ်သိမ်း စနစ်ကောင်းမွန်ပါက ၇ တင်းမှ ၁၂ တင်းအထိ ထွက်ရှိကြောင်း အဆိုပါတောင်သူက ပြောသည်။

နှမ်းလုံးဈေးသည် ၂၀၂၁ခုနှစ်တွင် တစ်ပိဿ ကျပ် ၅၀၀၀ မှ ကျပ် ၁၂၀၀၀ အထိ စံချိန်တင်မြှင့် တက်ခဲ့ပြီး နှမ်းစိုက်တောင်သူများ ပိုမိုအကျိုးဖြစ်ထွန်းခဲ့သည်။ ယခုနှစ် နှမ်းလုံးသိမ်းရာသီအစတွင် တစ်ပိဿ ကျပ် ၉၀၀၀ မှ ကျပ်၁၂၀၀၀ အထိဝယ်ယူနေကြပြီး ယခင်နှစ်တွင် နောင်တရား ဒေသအတွင်းရှိ နှမ်းလုံးစိုက်ဧကပေါင်း (၇၇၁) ဧကစိုက်ပျိုးခဲ့ပြီး ယခုနှစ်တွင် နှမ်းလုံး စိုက်ဧက (၈၀၀) ကျော်ရှိမည်ဟု ခန့်မှန်းထားကြောင်းသိရသည်။ နောင်တရားမြို့ အနီးပတ်ဝန်းကျင် ကျေးရွာများတွင် ဆီထွက်သီးနှံဖြစ်သည့် နှမ်း၊ နေကြာ၊ မုန်ညှင်းနှင့် မြေပဲ စသည့်တို့ကို စိုက်ပျိုးကြသည်။

ခွန်အောင်(နောင်တရား)