တိုက်ကြီးမြို့နယ်တွင် မသန်စွမ်းသူများအား ထောက်ပံ့ကြေးငွေများပေးအပ်

တိုက်ကြီး စက်တင်ဘာ ၂၂

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်အတွင်းရှိ မသန်စွမ်းသူများအား လူမှု ဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ထောက်ပံ့ကြေးငွေများ ပေးအပ်ခြင်းကို ယမန်နေ့ နံနက် ၁၁ နာရီအချိန်ခန့်က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမတွင် ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်စိုးက မသန်စွမ်းသူများအား နိုင်ငံတော်အစိုးရက ထောက်ပံ့ကြေး ငွေများ ပေးအပ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ အခမ်းအနားကို ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့် အညီ ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေး လူစုလူဝေးမဖြစ်ပေါ်စေရန် တာဝန်ရှိသူများက ဥက္ကံမြို့၊ အဖျောက်မြို့ အုပ်ချုပ်ရေးမှူးများ၊ တိုက်ကြီးမြို့နယ်ရှိ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအား မသန်စွမ်းသူများအတွက် ထောက်ပံ့ ကြေးငွေများကို လွှဲပြောင်းပေးအပ်ခဲ့ပြီး အုပ်ချုပ်ရေးမှူးများမှတစ်ဆင့် မိမိတို့ ရပ်ကွက်/ ကျေးရွာအတွင်းရှိ မသန်စွမ်းသူများကို ဆက်လက်ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း၊ ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် မသန်စွမ်းသူတစ်ဦးလျှင် ထောက်ပံ့ကြေးငွေကျပ် (၃၀၀၀၀/-)နှုန်းဖြင့် မသန်စွမ်းဦးရေ(၁၀၅၈)ဦးအတွက် စုစုပေါင်း (၃၁၇၄၀၀၀၀/-)ကျပ် ထောက်ပံ့ပေးအပ်သွားမည်ဖြစ် ကြောင်း သိရသည်။

စန်းကလျာခိုင်(ပြန်/ဆက်)