ညောင်ဦး ဒီဇင်ဘာ ၁၂
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် သူကောင်းတည်ကျေးရွာအုပ်စု၊လက်ပံခြေ ပေါ်အုပ်စုနှင့်သစ်ထောင့်ကျွန်းကျေးရွာအုပ်စုရှိကျေးရွာများသည် ညောင်ဦး-ပခုက္ကူ-မြင်းခြံ သွားကားလမ်းမကြီး ဘေးဝဲ/ယာတွင် တည်ရှိကာ ဒေသခံကျေးရွာများရှိတောင်သူများသည် လယ်၊ ယာ၊ ကိုင်း၊ ကျွန်း၊ ဥယျာဉ်ခြံစိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်ကြပြီး ပြောင်းဖူးစိုက်ပျိုးခြင်းအား တစ်နှစ်ပတ်လုံး စိုက်ပျိုးရောင်းချခြင်းဖြင့် ဝင်ငွေကောင်းနေကြကြောင်း ဦးမောင်ညို၊ တောင်ဖက်တန်းကျေးရွာ ပြောင်းဖူးစိုက်ပျိုးတောင်သူထံကသိရသည်။
အဆိုပါကျေးရွာအုပ်စုများရှိ ကျေးလက်တောင်သူများသည် တစ်နှစ်ပတ်လုံးပြောင်းဖူး များသာစိုက်ပျိုးကြကာတစ်နှစ်လျှင်လေးကြိမ်အထိစိုက်ပျိုးကြကြောင်း၊ မြစ်ရေတင်ဖြင့်စိုက်ပျိုးကြသည့် တောင်သူများရှိသလို၊မြေအောက်ရေတွင်းတူးကာ ရေစုပ်စက်ဖြင့်တင်၍ရေးသွင်း စိုက်ပျိုးကြသည့်တောင်သူများလည်းရှိကြောင်း၊ သကြားပြောင်းဖူးနှင့် အစီး(စေး)ပြောင်းဖူးနှစ် မျိုးသာအများဆုံး စိုက်ပျိုးကြပြီး ကြက်တမော့ပြောင်းဖူးလည်း စိုက်ပျိုးကြကြောင်းသိရသည်။ ထွက်ရှိလာသည့် ပြောင်းဖူးများအား ကားလမ်းမကြီးဘေးတွင်ပုံထားကာ လမ်းသွား၊လမ်း လာကားများမှ ဆင်းဝယ်၍ ရောင်းချရသလို၊ မြင်းခြံ၊ ညောင်ဦး၊ပခုက္ကူ၊ ပုဂံ၊ကျောက်ပန်း တောင်းပွဲစားများမှလာရောက်ဝယ်ယူ ကြသလို၊ ပလင်းကမ်းသာယာဆင်စခန်းမှလည်း ဆင်စာအတွက် အမြဲဝယ်ယူနေကြောင်း၊ ရန်ကုန်၊ မန္တလေးပြောင်းဖူးပွဲစားများ လာရောက်ဝယ်ယူရာတွင် ကားဖြင့်တစ်ခါလာရောက်ဝယ်ယူလျှင် ပြောင်းဖူးတစ်သောင်းမှသုံးသောင်းထိအဖူးရေဖြင့် ရောင်းချရကာ ယခုနှစ်တွင် ပြောင်းဖူးဈေးကောင်း နေကြောင်း အခါတိုင်းနှစ်များပြောင်းဖူး ဆယ်ဖူးဈေး (၁၂၀၀)ကျပ်ရှိရာမှယခုအခါဆယ်ဖူးဈေး (၂၀၀၀)ကျပ်ဖြင့်ရောင်းချနေရကြောင်း ပြောင်းဖူးအားကိုယ်တိုင်စိုက်ပျိုးသလို ပြောင်းဖူးပွဲစား ပါလုပ်နေသည့် ဦးဝင်းတင်ကရှင်းပြ သည်။
မိုးရာသီတွင်ပြောင်းဖူးစိုက်လျှင် ရက်(၉၀)ဖြင့်ပြောင်းဖူးရရှိကာ ၊နွေရာသီစိုက်ပျိုးချိန် တွင်(၇၅) ရက် ဖြင့် ပြောင်းဖူးပေါ်ကြောင်းသိရသည်။ညောင်ဦးမြို့နယ် လက်ပံခြေပေါ်အုပ်စုရှိ ကျေးရွာများ၊ သူကောင်းတည်အုပ်စုရှိကျေးရွာများ၊ သစ်ထောင့်ကျွန်းအုပ်စုရှိပြောင်းဖူးစိုက် တောင်သူများသည် ပြောင်းဖူးဈေးကွက်တစ်နှစ်ပတ်လုံးကောင်းမွန်ခြင်းကြောင့် တစ်နှစ်ပတ် လုံးပြောင်းဖူးစိုက်ပျိုးကြ ခြင်းဖြင့် ပြောင်းဖူးစိုက်တောင်သူများစီးပွားရေးအဆင်ပြေကာ ဝင်ငွေကောင်းလျက်ရှိကြောင်း ပြောင်းဖူးစိုက်တောင်သူများထံမှ သိရသည်။
ကိုကြေးမုံ