ဆီဆိုင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းတို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်း ကျင်းပ

ဆီဆိုင် ဒီဇင်ဘာ ၁၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် နယ်စပ်ဒေသ တိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်းတို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းကို ဒီဇင်ဘာ ၁၁ ရက် နံနက် ၁၀ နာရီက အဆိုပါသင်တန်းကျောင်းခန်းမ၌ ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းအုပ် ဆရာကြီး ဦးခွန်အောင်မန် အဖွင့်အမှာစကားပြောကြားပြီးနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကြီးဒဲရယ်က လူငယ်များအတတ်ပညာနှင့် ကျင့်ဝတ်တန်ဖိုးမြှင့် တင်ပေးရန်၊ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂဆိုတဲ့ ဗလငါးတန်ဖွံ့ဖြိုးတိုး တက်စေရန်၊ စကားပြောအတတ်ပညာများ ကျွမ်းကျင်တတ်မြောက်ပြီး လူအများရှေ့တွင် ရဲဝံ့စွာစကား ပြောဆိုတတ်စေရန်၊ လူငယ်အချင်းချင်း တစ်ဦးနှင့် တစ်ဦးရင်းနှီးခင်မင်ကာ ပူးပေါင်းဆောင်ရွက်နိုင်တဲ့ အလေ့အကျင့် ကောင်းများရရှိစေရန် ရည်ရွယ်ချက်ဖြင့် လူငယ်စကားဝိုင်းပြုလုပ်ပေးရခြင်း ဖြစ်ကြောင်းပြောကြားသည်။

ဆက်လက်၍ စကားဝိုင်းကို ကျင်းပရာ Grade-11 ကျောင်းသား၊ ကျောင်းသူများငါးဦးတို့က                 “လူငယ်နှင့် စာပေ”၊ “လူငယ်နှင့် အားကစား”၊ “လူငယ်နှင့်ယဉ်ကျေးမှု’’၊ လူငယ်နှင့် Social Media”နှင့် “လူငယ်နှင့် ကျန်းမာရေး’’ ခေါင်းစဉ်တို့ဖြင့် ၎င်းတို့ဖတ်ရှုလေ့လာထားသည့် စာရေးသူ၏ ဆိုလိုရင်းနှင့် ၎င်းတို့၏ အတွေ့အကြုံများ၊ အတွေးခေါ်များကို ကျယ်ကျယ်ပြန့်ပြန့် မျှဝေဆွေးနွေးကြပြီး တက်ရောက်လာသည့် ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို အပြန်အလှည်ဆွေးနွေးကြရာ  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဆီဆိုင်မြို့နယ်ရုံးမှ ဦးကြီးဒဲရယ်က ပြန်လည်ဖြည့်စွက်ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

မျိုးမြတ်(ဆီဆိုင်)