မောက်မယ် ဒီဇင်ဘာ ၁၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း များမှ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ၁၈ နှစ်အောက် မြို့နယ်အဆင့် ကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲ လူရွေးပွဲကို ယနေ့နံနက်ပိုင်းမှစ၍ အပြေးပြိုင်ပွဲကို မောက်မယ်-မိုးနဲလမ်းမကြီး မြို့အထွက်မှ ပုန်းလော အ.မ.က ကျောင်းအထိလည်းကောင်း ပြေးခုန်ပစ်ပြိုင်ပွဲကို နမ့်ယွမ်းဂေါက်ကွင်းတွင် လည်းကောင်း ပြိုင်ပွဲများကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ ၁၈ နှစ်အောက် ကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲ လူရွေးပွဲအတွက် ကျောင်းသား/ကျောင်းသူ လူငယ်များအနေဖြင့် အများနှင့် ပူးပေါင်း ဆောင်ရွက်တတ်စေရန်၊ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်စေရေး၊ ကိုယ်ကာယ ကျန်းမာဖွံ့ဖြိုးစေရန်၊ အားကစားလှုပ်ရှားမှုကို အခြေခံမှစ၍ ကျယ်ကျယ်ပြန့်ပြန့် နားလည်တတ်မြောက်စေရန်၊ ကောင်းသော ယှဉ်ပြိုင်လိုစိတ်များရှိစေရန်၊ အားကစားပြုလုပ် ခြင်းဖြင့်ကျန်းမာရေး ကောင်းကျိုးများ ရရှိစေရန်နှင့်၊ မျိုးဆက်သစ်အား ကစားသမားများ ပေါ်ထွန်းလာစေရန် ရည်ရွယ်ချက်များဖြင့် ယခုလိုပြိုင်ပွဲ လူရွေးချယ်ပွဲများ ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ကြောင်းနှင့် ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများကို မြို့နယ်ပညာရေးမှူး ဒေါ်သန်းသန်းနွယ်က ရှင်းလင်း ပြောကြားခဲ့သည်။
ထိုသို့ ၁၈ နှစ်အောက် မြို့နယ်အဆင့် ကျောင်းပေါင်းစုံအားကစားပြိုင်ပွဲ လူရွေးချယ်ပွဲသို့ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/ ကျောင်းသူများက မီတာ ၁၀၀၊ မီတာ ၂၀၀၊ မီတာ ၃၀၀ အပြေးပြိုင်ပွဲ၊ ပြေးခုန်ပစ်ပြိုင်ပွဲ၊ ဘောလုံး၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်းပြိုင်ပွဲများ အသင်းလိုက် ယှဉ်ပြိုင်ကြပြီး ထူးချွန်သည့် အားကစားသမား ကျောင်းသား/ ကျောင်းသူလူငယ်များအား အသင်းလိုက်ရွေးချယ်ပြီး ခရိုင်အဆင့်မှ ပြည်နယ်အဆင့်သို့ ဆက်လက်ယှဉ်ပြိုင်သွားရမည် ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
စိုင်းမျိုးသန့် ( မောက်မယ်)