ပင်းတယ ဒီဇင်ဘာ ၁၂
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ(ပင်းတယ)တွင် ဆီထွက်သီးနှံဖြစ်သည့် နှမ်းလုံးစိုက်ပျိုးသည့်တောင်သူများ ယခင်နှစ်ထက် ဈေးကောင်းရရှိ၍ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
အဆိုပါဆီထွက်သီးနှံ နှမ်းလုံးပျိုးပင်များအား ပင်းတယမြို့နယ်၊ ကူးကော်ကျေးရွာ အုပ်စုအတွင်းရှိ ကျေးရွာများတွင် အများဆုံးစိုက်ပျိုးကြပြီး ဒေသနေပြည်သူက မိရိုးဖလာစိုက်ပျိုးမြေဧကများ၌ မိုးရာသီသီးနှံများဖြစ်သည့် ပန်းဂေါ်ဖီ၊ ဂေါ်ဖီ၊ ခရမ်းချဉ်၊ မှုန်ညှင်းအစရှိသည့်သီးနှံများ စိုက်ပျိုးခူးဆွတ်ရောင်းချပြီးချိန် ဆောင်သီးနှံဖြစ်သည့် နှမ်းလုံးစေ့သီးနှံကို စိုက်ပျိုးကြခြင်းဖြစ်ကြောင်းသိရသည်။
နှမ်းလုံးပင်များကို စိုက်ပျိုးရာတွင် မျိုးစေ့များကို ဘောင်ဖြင့်ပျိုးပင်ပေါက်များ အဖြစ်ဇူလိုင်လနှင့် ဩဂုတ်လမှစတင်၍ စိုက်ပျိုးကြပြီး တစ်လခန့်ကြာသော အချိန်တွင် ပျိုးပင်ပေါက်များမှာ (၆) လက်မခန့်ရှိလာပါက အဆိုပါပျိုးပင်ပေါက်များကို (၅)လက်မခန့်နက်သည့်တွင်း တစ်တွင်းကို တစ်ပေခြားတူး၍ တစ်တွင်းလျှင် နှမ်းလုံးပင်ငယ် နှစ်ပင်မှ သုံးပင်အထိ ထဲ့၍စိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးပြီး လေးလခန့်အကြာတွင် နှမ်းလုံးပင်များကို တံစဉ်ဖြင့်ရိုတ်သိမ်းကြပြီး တစ်ပတ်ခန့်စိုက်ပျိုးသည့် ခြံထဲတွင်နေလှန်းထားရှိရကြောင်းနှင့် နှမ်းလုံးသည် မြေပဲ၊ နေကြာ၊ ပန်းနှမ်း၊ ဆီမုံညင်း စသည့် ဆီထွက်သီးနှံများထဲတွင် တစ်ခုအပါအဝင်ဖြစ်ပြီး အခြားသောဆီထွက်သီးနှံများထက် အလေးချိန်ပေါ့သည့်အတွက် ပိဿာ(၇၀)တွင် ဆီထွက်နှုန်းမှာ (၁၀)ပိဿာခန့်သာ ထွက်ရှိကြောင်းသိရသည်။
ယခင်နှစ်က နှမ်းလုံးစျေးမှာ တစ်ပိဿာလျင် ၇၀၀၀ (ခုနှစ်ထောင်)ကျပ်ခန့်သာရရှိပြီး ယခုနှစ်တွင် နှမ်းလုံးတစ်ပိဿာကို ၁၀၅၀၀ (တစ်သောင်းငါးရာ)ကျပ်ခန့် စျေးရရှိသည့်အတွက် ယခုနှစ်တွင် နှမ်းလုံးစျေးကောင်း ရရှိလျက်ရှိပြီး ရောင်းချရာတွင်လည်း မိမိတို့ကိုယ်တိုင် သွားရောက်ရောင်းချရန်မလိုဘဲ နှမ်းလုံးဝယ်သည့် ကုန်သည်ပွဲစားများက ကျေးရွာများ အရောက်လိုက်လံ ဝယ်ယူလျက်ရှိကြောင်းနှင့် နှမ်းလုံးဝယ်ယူသည့် ပွဲစားများမှာ အောင်ပန်းမြို့မှ ကုန်သည်များ အများဆုံး လာရောက်ဝယ်ယူကြောင်း ကူးကော်ကျေးရွာရှိ နှမ်းလုံးစိုက်သည့်တောင်သူ မစန္ဒာထွေးထံမှသိရသည်။
အဆိုပါနှမ်းလုံးကို ဆီထွက်အောင်ထောင်းပြီး ဂျူးမြစ်အနည်းငယ်၊ ငရုပ်သီးအခြောက်မုန့်နှင့်ဆား ထဲ့ထောင်းကာ ဒေသအစားအစာဖြစ်သည့် နှမ်းပိစပ်ထောင်း ကိုလည်းရာသီစာအဖြစ် စားသုံးလျက်ရှိကြကြောင်း သိရသည်။
ရဲထက်ဦး(ပြန်/ဆက်)