နောင်ချိုမြို့နယ် အ.ထ.က လုံကာတွင် ရှေးဦးပြုစုခြင်းသင်တန်း (၈/၂၀၂၂) ဆင်းပွဲပြုလုပ်ဆောင်ရွက်

နောင်ချို ဒီဇင်ဘာ ၁၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ဖွင့်လှစ်သည့် ရှေးဦးပြုစုခြင်း (အခြေခံ)သင်တန်း အမှတ်စဉ်(၈/၂၀၂၂) သင်တန်းဆင်းပွဲကို ယမန်နေ့ ညနေ(၃)နာရီ အချိန်က အ.ထ.က လုံကာကျောင်းတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သင်တန်းဆင်းပွဲတွင် ကျောက်မဲခရိုင် ကြက်ခြေနီတပ်ဖွဲ့မှူး ဦးမောင်မောင်သိန်းက ရှေးဦးပြုစုခြင်း သင်တန်းနှင့်ပတ်သက်၍ အမှာစကား ပြောကြားရာတွင် သင်တန်းမှပို့ချလိုက်သော အသိပညာ ဗဟုသုတများဖြင့် မိမိပတ်ဝန်းကျင်နယ်ပယ်တွင် ပြည်သူ့အကျိုးပြုလုပ်ငန်းများနှင့် ပရဟိတ လုပ်ငန်းများကို တစ်ဖက်တလမ်းမှ ပူးပေါင်းပါဝင်ကူညီကြဖို့ အလေးအနက်ထား ပြောကြားလိုကြောင်း စသည်ဖြင့် ပြောကြားခဲ့ပြီးနောက် အ.ထ.က လုံကာ ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းညွှန့်ညွှန့်က ရှေးဦးပြုစုခြင်းသင်တန်း လာရောက်ဖွင့်လှစ်ပေးသည့် နောင်ချိုမြို့နယ် ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် အဖက်ဖက်မှ ကူညီဆောင်ရွက်ပေးကြသည့် ဆရာ၊ ဆရာမများအား ကျေးဇူးတင်စကား ပြောကြားခဲ့သည်။ ဆက်လက်၍ သင်တန်းတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများကို တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ခဲ့ကြောင်းနှင့် သင်တန်းသားများအတွက် သင်တန်းနည်းပြမှ သင်တန်းဆင်း လက်မှတ်များ ပေးအပ်ရာ ကျောင်းသား၊ ကျောင်းသူများက လက်ခံရယူခဲ့ကြောင်း သိရသည်။

ရှေးဦးပြုစုခြင်း (အခြေခံ)သင်တန်း အမှတ်စဉ်(၈/၂၀၂၂) သင်တန်းကို ဒီဇင်ဘာလ(၉)ရက်နေ့မှ  (၁၁)ရက်နေ့အထိ (၃)ရက်ကြာ သင်တန်း ဖွင့်လှစ်ပို့ချခဲ့ရာ ကျောင်းသား၊ ကျောင်းသူ(၆၈)ဦး တက်ရောက် သင်ကြားခဲ့ကြောင်း သိရသည်။ 

ထွေးငယ်

(နောင်ချို၊ပြန်/ဆက်)