ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်တွင် (၄၉)ကြိမ်မြောက် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပ

ရန်ကုန် ဒီဇင်ဘာ ၁၂

ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်မြို့နယ်၊ ဗိုလ်တထောင်ကျိုက်ဒေးအပ် ဆံတော်ဦးစေတီတော်တွင် (၄၉)ကြိမ်မြောက် သံဃပူဇာအဖြစ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲနှင့် ရေစက်ချမင်္ဂလာအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်ရှိ နန်ဦးဘုရားကြီးတန်ဆောင်း၌ ကျင်းပသည်။

အခမ်းအနားတွင် ကြွရောက်လာသည့် သံဃာတော်များထံမှ ငါးပါးသီလခံယူဆောက်တည်ခြင်း၊ သံဃတော်များမှ မေတ္တသုတ်ပရိတ်တော်များ ရွတ်ဖတ်ခြင်း၊ လှူဖွယ်ပစ္စည်းများ ဆက်ကပ်ခြင်း၊ လှူဒါန်းမှုအလှူဒါနအစုစုတို့အတွက် အနုမောဒနာတရားတော်များ နာယူကြပြီး ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။    ထို့နောက် စေတီတော်ရင်ပြင်ပတ်လည်တွင် ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ညွန့်၀င်းဆွေ၊ တိုင်းဒေသကြီး၀န်ကြီးများ၊ ‌ဂေါပကအဖွဲ့၀င်များ၊ ဖိတ်ကြားထားသူများ၊ အလှူရှင်များက နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင် ဆရာတော်များ၊ ဂေါပကအဖွဲ့၏ ဩဝါဒါစရိယဆရာတော်ကြီးများ၊ ထေရ်ကြီးဝါကြီးဆရာတော်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့ဝင် ဆရာတော်များ၊ မြို့နယ်သံဃနာယကအဖွဲ့ဝင် ဆရာတော်များ၊ ဓမ္မရိပ်သာနှင့် စာသင်တိုက်များမှ ဆရာတော်များ အပါအဝင် သံဃတော်၁၀၈ပါးနှင့် သီလရှင်၃၆ပါးတို့အား ဆွမ်းဆန်စိမ်းလောင်းလှူခဲ့ကြောင်း သိရသည်။

အောင်မြင့်(ပြန်/ဆက်)