မောင်တော ဒီဇင်ဘာ ၁၂
ရခိုင်ပြည်နယ်၊ မောင်တောမြို့တွင် ပြည်သူ့ဆေးရုံဝင်းအတွင်းရှိအဆောက်အဦများနှင့် အောက်စီဂျင်စက်ရုံတို့အား မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်နိုင်ရေးအတွက် ယနေ့နံနက် ၉ နာရီက မြေပြင်ကွင်းဆင်း စစ်ဆေးခဲ့ကြသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ခရိုင်မီးသတ်စခန်းမှ ဒုတိယမီးသတ်ဦးစီးမှူး ဦးဆန်းလှိုင်ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များက ကညင်တန်းရပ်ကွက်၊ ပြည်သူ့ဆေးရုံဝင်းအတွင်းရှိ အဆောက်အဦများနှင့် ကာကွယ်ဆေးများ သိုလှောင်ရာနေရာများတွင် တပ်ဆင်အသုံးပြုလျက်ရှိသော မီးပလက်ပေါက်များနှင့် လျှပ်စစ်ဝါယာကြိုးများ ကောင်းမွန်မှု ရှိ/မရှိ စစ်ဆေးခြင်း၊ ပြည်သူ့ဆေးရုံ ခြံဝင်းအတွင်းရှိ အောက်စီဂျင်စက်ရုံမှာ အောက်စီဂျင်အိုးများ ဖြည့်သွင်း လည်ပတ်ထုတ်လုပ် ပေးလျက်ရှိရာ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် မီးသတ်ဆေးဘူးများတွင် လေပေါင်ရှိ/မရှိ စစ်ဆေးခြင်း၊ မီးလောင်မှု၊ မီးလန့်မှုများ၊ မဖြစ်ပွားစေရန် မီးသတ်ဦးစီးဌာနမှ သတ်မှတ်ထားသော စည်းကမ်းချက်များအညီ ဆောင်ရွက်စေရေး၊ မီးဘေးလုံခြုံရေးပညာပေး ဆိုင်းဘုတ်များအား ထားရှိစေရေးတို့ကို အကြုံပြုကွင်းဆင်း စစ်ဆေးခဲ့ကြကြောင်း သိရသည်။
သက်လွင်စိုး(ပြန်/ဆက်)