ရန်ကင်းမြို့နယ်တွင် Stay Home လုပ်ငန်းစဉ်များအား တင်းတင်းကျပ်ကျပ်ဆောင်ရွက်

ရန်ကုန်  စက်တင်ဘာ  ၂၂

ကူးစက်မြန် ကိုဗစ်-၁၉ ရောဂါကြောင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ စက်တင်ဘာလ ၂၀ ရက်နေ့မှစ၍ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များအားလုံး (ကိုကိုးကျွန်းမြို့နယ်မပါ) Stay Home လုပ်ငန်းစဉ်များတွင် ပါဝင်ကြောင်း အမိန့်ကြေညာစာ ထုတ်ပြန်ခဲ့သည်။
အဆိုပါ အမိန့်စာအရ ရန်ကင်းမြို့နယ်အတွင်းရှိ အဓိက လမ်းမကြီးများမှအပ လမ်းသွယ် များ အားလုံး၌ လူအဝင်အထွက် စစ်ဆေးခြင်း လုပ်ငန်းများကို တင်းတင်းကျပ်ကျပ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ပြည်သူများအနေဖြင့် မိမိအိမ်တွင်သာ နေထိုင်စေခြင်း၊ မဖြစ်မနေ အပြင် သွားလာရတဲ့အခါမှာလည်း နှာခေါင်းစည်း(Mask)တပ်ဆင်၍ တစ်ဦး သာ သွားရောက်စေခြင်း၊ ဆေးရုံ ဆေးခန်း သွားရောက်ရန်ရှိပါက တစ်အိမ်လျှင် နှစ်ဦးသာ သွားရောက်စေခြင်း၊ တာဝန်ထမ်းဆောင်ရန် သွားရောက်/ ပြန်လာမည့်သူများကို ပို့ဆောင်မည့် ယာဉ်များနှင့် ဖြတ်သန်းခွင့်ပြုထားသော ယာဉ်များကိုသာ  ရပ်ကွက် ကျော်လွန် သွားလာခွင့်ပြုခြင်း စသည်တို့ကို ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူး/ ဆယ်အိမ်မှူးများ၊ Volunteer များမှ ကြပ်မတ် ဆောင်ရွက်လျက်ရှိသည်။
ရန်ကင်းမြို့နယ်တွင် ယနေ့ထိ ကိုဗစ်-၁၉ အတည်ပြုလူနာ (၆၆)ဦးထိရှိပြီဖြစ်ပြီး ထုတ်ပြန် ထားသော ဒေသန္တရအမိန့်များကို လိုက်နာဆောင်ရွက်ခြင်းမရှိပါက တည်ဆဲ ဥပဒေများနှင့်အညီ အရေးယူသွားမည် ဖြစ်ကြောင်းသိရသည်။
လင်းလင်းထွန်း(ပြန်/ဆက်)