မိတ္ထီလာမြို့နယ်အတွင်းရှိ ကျေးရွာ ရှစ်ရွာတွင်  ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)ဖြင့် ကျေးရွာတွင်းလမ်းများအား ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး

မိတ္ထီလာ  ဒီဇင်ဘာ ၁၂

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်အတွင်းရှိ ကျေးရွာ ရှစ်ရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း(VDP)ဖြင့် ကျေးရွာတွင်းလမ်းများအား ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့် ပြီးစီးပြီဖြစ် ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

 မိတ္ထီလာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ် ငန်းစီမံကိန်း(VDP)ဖြင့် ကျေးရွာတစ်ရွာလျှင် စီမံကိန်းထောက်ပံ့ရန်ပုံငွေကျပ် သိန်း(၁၀၀)နှင့် ကျေးရွာလူထု ထည့်ဝင်ရန်ပုံငွေတို့ဖြင့်  မြို့နယ်အတွင်းရှိ ကျေးရွာများတွင် ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများဆောင်ရွက်လျက်ရှိသည်။ ယင်းသို့ဆောင်ရွက်လျက်ရှိရာ ၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ်တွင် မြို့နယ်အတွင်းရှိ သဖန်း ခါးကုန်း၊ ထန်းတော၊ သိမ်ကုန်း၊ ကံကောင်း၊ မြင်းကန်၊ပျဉ်သာ၊ ဥယျာဉ်ကုန်း၊ ကျောက်ဖြူကုန်း ကျေးရွာများတွင် ကျေးရွာတစ်ရွာလျင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)ရန်ပုံငွေ ငွေကျပ် သိန်း (၁၀၀)နှင့် ကျေးရွာလူထု ထည့်ဝင်ငွေ ၄.၀၇ သန်း တို့ဖြင့် အရှည်ပေ ၆၇၀၊ အကျယ် ၁၂ ပေ၊ ထု ၆လက်မရှိ ကျေးရွာတွင်းလမ်းများအား ကွန်ကရစ်ခင်း ခြင်းလုပ်ငန်းကို မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးကြပ်ပြီး ကျေးရွာသူ ကျေးရွာသားများက သြဂုတ်လ ၂၇ ရက်နေ့မှစတင်၍ ဆောင်ရွက်လျက်ရှိရာ ၎င်းကွန်ကရစ်ခင်းခြင်း လုပ်ငန်းများမှာ ပြီးစီးပြီဖြစ်၍ အဆိုပါကျေးရွာများမှ ဒေသခံပြည်သူများ ရာသီမရွေးသွားလာရ အဆင်ပြေတော့မည်ဖြစ်ကြောင်းသိရသည်။

မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ကျေးရွာများတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြင့် ကျေးလက်ပြည်သူများ ကိုယ်တိုင်ကျေးရွာ၏ ပကတိလိုအပ်ချက်များကို ဖော်ထုတ်ပြီး ဦးစားပေး အစီအစဉ်အလိုက် စီမံချက်များရေးဆွဲဖော်ထုတ်နိုင်စေရန်၊ ကျေးရွာများ၏ ဦးစားပေး စီမံချက်များအပေါ်  အခြေခံ၍ နှစ်စဉ်ရန်ပုံငွေများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်စေရန်၊ ကျေးရွာများမှ ထွက်ပေါ်လာသောစီမံချက်များအား မြို့နယ်အဆင့် ဦးစီးဌာနအသီးသီး၏ ဖွံ့ဖြိုးရေးအစီအစဉ်များနှင့် ချိတ်ဆက်နိုင်စေရန်တို့ဖြစ်ကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)