ကျောက်ဆည် ဒီဇင်ဘာ ၁၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၊ မဟာဂန္ဓာရုံစာသင်တိုက် ဗုဒ္ဓပါဒစက္က ဓမ္မာရုံတွင် ယမန်နေ့ မွန်းလွဲ(၁) နာရီက ကျောက်ဆည်၊ စဉ့်ကိုင်၊ မြစ်သား၊ တံတားဦး (၄)မြို့နယ် ရွှေကျင်နိကာယ ဝိနည်း စာမေးပွဲနှင့် ဝိနည်းပြန်၊ ရှင်ကျင့်ဝတ်ပြန် စာအောင်ဆုများဆက်ကပ်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အခမ်းအနားကို နမောတဿ(၃)ကြိမ်ရွတ်ဆို ဘုရားကန့်တော့ဖွင့်လှစ်ခဲ့ပြီး တံတားဦးမြို့နယ် သံဃာ့နာယကအဖွဲ့ ဥက္ကဋ္ဌ မဏိရတနာပုံကျောင်းဆရာတော် ဘဒ္ဒန္တဓမ္မာစိဏ္ဏထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ကျောက်ဆည်မြို့ မဟာဂန္ဓာရုံစာသင်တိုက် ဒုတိယဆရာတော် ဘဒ္ဒန္တမာနိတထံမှ ဩဝါဒကထာများခံယူ၍ ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး ဦးငွေဒိုးက သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့ကြောင်း သိရသည်။
ထို့နောက် မဟာဂန္ဓာရုံစာသင်တိုက် ဦးစီးပဓာန ဆရာတော် ဘဒ္ဒန္တကုသလဘိဝံထံမှ အနုမောဓနာတရား နာယူကြည်ညိုကြပြီး ရေစက် သွန်းချအမျှပေးဝေခဲ့ကာ ဗုဒ္ဓသာသနံ စိရံတိဌတု (၃)ကြိမ်ရွတ်ဆိုကာ အခမ်းအနားရုပ်သိမ်းခဲ့ကြောင်းနှင့် အခမ်းအနားအပြီးတွင် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးငွေဒိုးနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ စေတနာအလှူရှင်များမှ ဝိနည်းပြန်သံဃာတော်(၃၁)ပါးနှင့် ရှင်ကျင့် ဝတ်ပြန် ကိုရင်(၂၆၅)ပါးတို့အား စာအောင်ဆုများ ဆက်ကပ်ခဲ့ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)