ရခိုင်ပြည်နယ် မောင်တောခရိုင်၌ ကိုယ်ဝန်ဆောင် မိခင်နှင့် နှစ်နှစ်အောက် ကလေးငယ်များအား ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ဒုတိယသုံးလပတ် ထောက်ပံ့ကြေးငွေများ ပေးအပ်

မောင်တော    ဒီဇင်ဘာ  ၁၂

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ ကိုယ်ဝန်ဆောင် မိခင်နှင့် နှစ်နှစ်အောက်ကလေးငယ်များအား  အာယာရဖွံ့ဖြိုးစေရေးအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန မောင်တောခရိုင် လူမှုဝန်ထမ်းရုံးမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာ နှစ်တွင်  ဒုတိယသုံးလပတ် ထောက်ပံ့ငွေပေးအပ်ခြင်းကို ဒီဇင်ဘာ ၁၀ ရက်နေ့နေ့လယ် ၁ နာရီအချိန် မြို့နယ်ပြည်သူ့ဆေးရုံး အစည်း အဝေးခန်းမတွင် ရခိုင်တိုင်းရင်းသားများ၊ ဟိန္ဒူဘာသာဝင်၊ အစ္စလာမ်ဘာသာဝင် ကိုယ်ဝန်ဆောင် မိခင်များနှင့် နှစ်နှစ်အောက်ကလေးငယ်များအား ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

ထိုသို့ ထောက်ပံ့ပေးရာတွင် မောင်တောခရိုင် လူမှုဝန်ထမ်းရုံးမှ ဒုတိယညွန်ကြားရေးမှူး ဦးကျော်သူနိုင်က ကိုယ်ဝန်ဆောင် မိခင်နှင့် နှစ်နှစ်အောက် ကလေးငယ်များအား လူမှုဝန်ထမ်းဦးစီးဌာနမှ ထောက်ပံ့ငွေများ ပေးအပ်နေသည့် အခြေအနေများအား ရှင်းလင်းပြောကြားခဲ့သည်။ထို့နောက် မောင်တောခရိုင် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ  ဒေါ်ခင်စန္ဒာဝင်းက ကိုယ်ဝန်ဆောင် မိခင်နှင့် နှစ်နှစ်အောက် ကလေးငယ်များအား အမျိုးသမီးရေးရာအဖွဲ့မှ ကူညီစောင့်ရှောက်ပေးနေမှု အခြေအနေများနှင့် အသိပညာဗဟုသုတများအား အသိပညာပေးပြောကြားခဲ့သည်။ ယင်းနောက် မောင်တောခရိုင် လူမှုဝန်ထမ်းရုံးမှ ဒုတိယညွန်ကြားရေးမှူး ဦးကျော်သူနိုင်နှင့် မောင်တောခရိုင် အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ  ဒေါ်ခင်စန္ဒာဝင်းနှင့် တာဝန်ရှိသူများကက ကိုယ်ဝန်ဆောင်မိခင်များနှင့် နှစ်နှစ်အောက် ကလေးငယ်များအား ထောက်ပံ့ငွေနှင့် အမျိုးသမီးရေးရာအဖွဲ့မှ ထောက်ပံ့သော အာဟာရဖြည့်စွက်စာများအား ပေးအပ်ခဲ့ကြပြီး ကျန်းမာရေးဝန်ထမ်းများက ကျန်းမာရေး စောင့်ရှောက်မှုများကိုလည်း ဆောင်ရွက်ပေးခဲ့ကြသည်။  ထို့သို့ ထောက်ပံ့ရာတွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဒုတိယသုံးလပတ် (ဧပြီ ၊မေ၊ဇူလိုင်)လများအတွက် မောင်တောမြို့နယ်အတွင်း   ကိုယ်ဝန်ဆောင်မိခင် (၁၂၇၂) ဦး၊ အသက်နှစ် နှစ်အောက် ကလေးသူငယ် (၆၅၀၃) ဦးနှင့် ဘူးသီးတောင်မြို့နယ်အတွင်း ကိုယ် ဝန် ဆောင်မိခင် (၁၀၄၃)ဦး၊ အသက်နှစ် နှစ်အောက်ကလေးသူငယ် (၈၈၄၆) ဦး မောင်တောခရိုင်အတွင်း အကျိူးခံ စားခွင့်ရှိသူ စုစုပေါင်း (၁၇၆၆၄)ဦး အတွက်တစ်ဦးလျှင် သုံးလစာငွေကျပ် (၄၅၀၀၀)နှုန်းဖြင့် စုစုပေါင်း ငွေကျပ် (၇၉၄၈၈၀၀၀၀) အား ထောက်ပံ့ပေးမည်ဖြစ်ကြောင်း သိရသည်။

အခမ်းအနားသို့ မောင်တောခရိုင် လူမှုဝန်ထမ်းရုံးမှ ဒုတိယညွန်ကြားရေးမှူး ဦးကျော်သူနိုင်နှင့် ဝန်ထမ်းများ၊ မောင်တောခရိုင် အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ  ဒေါ်ခင်စန္ဒာဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာနုကေသီစံနှင့် ဝန်ထမ်းများ၊ မိခင်နှင့်ကလေးစောင့်ရှောက် မှုကြီးကြပ်ရေးအဖွဲ့ဝင်များ၊ ကိုယ်ဝန်ဆောင် မိခင်နှင့် နှစ်နှစ်အောက် ကလေးငယ်များအားတက်ရောက်ခဲ့ကြသည်။

သက်လွင်စိုး၊အောင်ကျော်စိန်(ခရိုင်ပြန်/ဆက်)