မက်မန်းမြို့၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ကျပ်သိန်း(၅၀၀၀)အား ဒုတိယအကြိမ် ထောက်ပံ့ချေးငွေ ပေးအပ်ပွဲ အခမ်းအနားကျင်းပ

မက်မန်း ဒီဇင်ဘာလ  ၁၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ရတိုင်း၊ မက်မန်းမြို့၌ ပြည်သူများ၏ အကျိုးစီးပွားမြှင့်တင်နိုင်စေရန်အတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကို ဒီဇင်ဘာလ(၁၁)နေ့ နံနက်(၁၀)နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

ထို့သို့ဆောင်ရွက်ရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သောင်းက အဖွင့်အမှာစကားပြောကြားပြီး ခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါက်တာမောင်ဝင်းက စီမံကိန်းလုပ်ငန်းပါ စာချုပ်စည်ကမ်းချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မက်မန်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သောင်း၊ ခရိုင်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါက်တာမောင်ဝင်း၊ မြို့နယ်စီမံအုပ်ချုပ်အဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းလင်းအောင်နှင့် အဖွဲ့ဝင်များက နိုင်ငံစီးပွားမြှင့်တင်ရန်ပုံငွေမှ ထောက်ပံ့ချေးငွေများကို ပေးအပ်ကြရာ ရပ်ကွက်/ ကျေးရွာစီမံကိန်း ကြီးကြပ်မှုကော်မတီမှ နာယကနှင့် အတွင်းရေးမှူးများက ဒေသခံပြည်သူများကိုယ်စား လက်ခံရယူခဲ့ကြသည်။

အဆိုပါ နိုင်ငံ့စီးပွားမြှင့်တင်ရန်ပုံငွေကို  မက်မန်းမြို့နယ်အတွင်းရှိ အေးကျန့်​​​ကျေးရွာ၊ မန်ဝိန်း၊ ဝိန်းနောင်၊ မင်းရန်အောင်၊ ဝမ်စလောင်းနှင့် နမ့်တော်ကျေးရွာအုပ်စုတို့မှ စိုက်ပျိုးရေးလုပ်ကိုင်လိုသူ(၃)ဦးနှင့်၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ(၆၀)ဦး စုစုပေါင်း (၆၃)ဦးတို့ကို အတိုးနှုန်းသက်သာစွာဖြင့် ဒုတိယအကြိမ်ထောက်ပံ့ချေးငွေ စုစုပေါင်း ကျပ်သိန်း (၅၀၀၀)ကို ဝိုင်းကြီးချုပ်စနစ်ဖြင့် ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

စိုင်းရွှေအောင်(ခရိုင်ပြန်/ဆက်)