သံဖြူဇရပ် ဒီဇင်ဘာ ၁၁
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၌ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်းပြီး ကျား/မ ရေးရာ(Gender)နှင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး၊ အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေး အမျိုးသားအဆင့် မဟာပျူဟာ စီမံကိန်းနှင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်များဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲကို ယနေံနံနက် ၁၁ နာရီအချိန်က လူမှုဝန်ထမ်းဦးစီးဌာန မူလတန်းကြိုကျောင်း၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် ရှေးဦးစွာ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ဝင်းဝင်းမာက အဖွင့်အမှာ စကားပြောကြားသည်။ ဆက်လက်၍ မွန်ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာနရုံးမှ လက်ထောက် ညွန်ကြားရေးမှူး ဒေါ်ဝင်းဝင်းမာက ကျား/မရေးရာ (Gender)ဆိုသည်မှာ စတင်မွေးဖွားသည်မှစ ၍ ယောက်ကျား/မိန်းမ ဟု စတင်ပုံသွင်းခံရခြင်းဖြစ်ကြောင်း၊ ကျား/မရေးရာအကြမ်းဖက်မှု အမျိုးအစားများဖြစ်သည့် ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်း၊ စိတ်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်း၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်း၊ အန္တရယ်ဆိုင်ရာအကြမ်းဖက်ခြင်း၊ စီးပွားရေးဆိုင်ရာ အကြမ်းဖက်ခြင်းနှင့် နည်းပညာပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်းစသည့်အချက်များကို ရုပ်ပုံ ကားချပ်များဖြင့် ရှင်းလင်းဆွေးနွေးပြီး အကြမ်းဖက်မှုဖြစ်ပွားရခြင်း၏ အကြောင်းရင်း၊ အများဆုံးဖြစ်ပွားတတ်သည့် အကြမ်းဖက်မှုများ၊ အကြမ်းဖက်မှု၏အကျိုးဆက်များ၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး သဘောတူစာချုပ်၊ အမျိုးသမီးများ ဖွံဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာပျုဟာစီမံကိန်းနှင့် ကုလသမဂ္ဂလုံခြုံရေး ကောင်စီ ဆုံးဖြတ်ချက်အမှတ် ၁၃၂၅ အနှစ်ချုပ်အကြောင်းအရာများကို ရှင်းလင်းဆွေးနွေးပြီး ကျား/မ အခြေပြုအကြမ်းဖက်ဖြစ်ပွားပါက တိုင်းကြားနိုင်သည့်နည်း လမ်းများကို ပြောကြား သည်။
ထို့နောက် အသိပညာပေးဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် မြို့နယ်အမျိုးသမီးရေးရာဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ကလေးမိဘများမှ သိရှိလိုသည်များကို ပြန်လည်မေးမြန်း ဆွေးနွေးရာ ဦးဆောင်ဆွေးနွေးသူမှလည်း ပြန်လည်ဖြေကြားဆွေးနွေးခဲ့ကြောင်းနှင့် ကျား/မ အခြေပြုအကြမ်းဖက်မှု အသိပညာပေးလက်ကမ်းစာစောင်ကို ဖြန့်ဝေခဲ့ကြောင်း သိရသည်။
အေးအေးသီ(ပြန်/ဆက်)