တောင်ကုတ် ဒီဇင်ဘာ ၁၁
(၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့ တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ သိမ်တောင်ရပ်ကွက်ရှိ အောင်သုခလမ်း (အပိုင်း-၂) ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၈)နာရီအချိန် အဆိုပါလမ်းမုဒ်ဦးရှေ့၌ကျင်းပသည်။
ဖွင့်ပွဲ အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးကျော်မြင့်လှိုင်နှင့် မြို့နယ် စည်ပင်သာယာရေးအဖွဲ့၊ အမှုဆောင်အရာရှိ ဦးမောင်စိန်တို့က အမှာစကားပြောကြားပြီးနောက် ရပ်မိရပ်ဖ ဦးမောင်ကွန်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ထို့နောက် ကွန်ကရစ်လမ်းသစ်ကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်မြင့်လှိုင်၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇာနည်တိုး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ အမှုဆောင်အရာရှိ ဦးမောင်စိန်နှင့် စကုရာဇာကုမ္ပဏီမှ ဦးမြနိုင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီးနောက် အထိမ်းအမှတ် အလံများကိုပေးအပ်ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လက်ခံရယူပြီးနောက် အခမ်းအနားသို့ တက်ရောက်လာသူများနှင့် အမှတ်တရမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြသည်။ ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများ၊ ခရိုင်၊ မြို့နယ်အဆင့်ဌာန ဆိုင်ရာ များက အောင်သုခလမ်းမတစ်လျှောက်လှည့်လည်ကြည့်ရှုကြသည်။
အဆိုပါကွန်ကရစ်လမ်းသစ်ကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံ ငွေကျပ် သန်း(၅၄.၁၇၅)ဖြင့် စကုရာဇာကုမ္ပဏီလီမိတက်မှ တာဝန်ယူတည်ဆောက်ခဲ့ခြင်းဖြစ်ပြီး လမ်းအကျယ်(၁၆)ပေ၊ အရှည် (၈၅၆) ပေရှိကာ အဆိုပါလမ်းမှာ ယခင်က အမာခံကျောက် ချောလမ်းဖြစ်ပြီး ယခုဘဏ္ဍာနှစ်တွင် ကွန်ကရစ်လမ်းအဆင့်သို့ မြှင့်တင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း မြို့နယ်စည်ပင် သာယာရေးအဖွဲ့မှ သိရသည်။
အခမ်းအနားသို့ ခရိုင်၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ စကုရာဇာကုမ္ပဏီမှ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်