မိတ္ထီလာ ဒီဇင်ဘာ ၁၁
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ ပြည်သာယာ(မ)ရပ်ကွက်တွင်ရှိသော ရွှေပြည်သာအားကစားကွင်း၌ ( ၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် အလွတ်တန်းဖိတ်ခေါ်ဖလား ဘောလုံးပြိုင်ပွဲကို ယမန်နေ့မွန်းလွဲ ၃ နာရီအချိန်က စတင်ကျင်းပကြောင်း သိရသည်။
ယခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့မှာ ကျရောက်မယ့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် အလွတ်တန်းဖိတ်ခေါ်ဖလားပြိုင်ပွဲကို ယမန်နေ့က စတင်ကျင်းပပြုလုပ်တာဖြစ်ပြီး တစ်ရက်ကို ပြိုင်ပွဲစဉ် ၂ ခုနှုန်းနဲ့ ဇန်နဝါရီလ ၄ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။ ပြိုင်ပွဲကို မြို့နယ်အတွင်းမှာရှိတဲ့ ရပ်ကွက်များနဲ့ကျေးရွာများမှ ပြိုင်ပွဲဝင်အသင်း ၂၄ သင်းလာရောက် ယှဉ်ပြိုင် ပါတယ်။ အခုလို လွတ်လပ်ရေးနေ့အထိမ်းအမှတ် အလွတ်တန်း ဖိတ်ခေါ်ဖလားဘောလုံးပြိုင်ပွဲကျင်းပလာတာ ဒီနှစ်ရောဆို ၅ နှစ်မြောက်ရှိပြီဖြစ်ပါတယ်။ ဗိုလ်လုပွဲပွဲစဉ်ကို (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ဖြစ်တဲ့ ဇန်နဝါရီလ ၄ ရက်နေ့မှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်ဟု အဆိုပါပြိုင်ပွဲ ကျင်းပရေး ကော်မတီဝင် ဦးစောက ပြောသည်။
အဆိုပါ အလွတ်တန်းဖိတ်ခေါ်ဖလား ဘောလုံးပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အသင်းတစ်သင်းလျှင် ပြိုင်ပွဲဝင်ကြေး ငါးသောင်းကျပ်ပေးသွင်းရပြီး ပြိုင်ပွဲတွင် ဆုရရှိကြသည့်အသင်းများအား ပထမဆု ငါးသိန်းကျပ်၊ ဒုတိယဆု သုံးသိန်းကျပ်နှင့် တတိယဆု တစ်သိန်းကျပ်တို့ကို ပေးအပ်ချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။
ချမ်းသာ