မက်မန်းမြို့နယ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေများ ပြန်လည်ထုတ်ချေးခြင်းဆောင်ရွက်

မက်မန်း ဒီဇင်ဘာ ၁၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း) “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မန်းမန်းမြို့နယ်၊ ဝမ်ခလောင်း အုပ်စု၊ ဝမ်ခလောင်းကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း တတိယအကြိမ် လည်ပတ်ရန်ပုံငွေများကို နေ့ချင်းအကျေပြန်ဆပ် ပြန်လည်ထုတ်ချေးခြင်းစနစ်ဖြင့် ငွေကျပ်(၃၃.၁၀)သန်းကို ယမန်နေ့က သွားရောက်ထုတ်ချေးပေးခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မက်မန်းမြို့နယ် ဝမ်ခလောင်းအုပ်စု၊ ဝမ်ခလောင်းကျေးရွာ ဘုရားကျောင်း၌ဆောင်ရွက်ရာ ကျေးရွာမှစိုက်ပျိုးရေး လုပ်ငန်းလုပ်ကိုင်သူ(၃)ဦးအား ငွေကျပ်(၂.၁)သန်း၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ(၉)ဦးအား ငွေကျပ်(၃၁)သန်း၊စုစုပေါင်း(၁၂)ဦးအား (၃၃.၁၀)သန်းကို နေ့ချင်း ပြန်ဆပ် ပြန်လည်ထုတ်ချေးစနစ်ဖြင့် ထုတ်ချေးခြင်းဖြစ်သည်။ အဆိုပါချေးငွေများ ထုတ်ပေးမှု အခြေအနေအား မက်မန်းခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးဆန်းမင်း၊ မက်မန်းမြို့နယ်ဦးစီးမှူး၊ ဦးမိုင်းညီဇော်လှအောင်နှင့် စီမံကိန်းတာဝန်ခံများက မြေပြင်ကွင်းဆင်း ကြီးကြပ် ဆောင်ရွက်လျက်ရှိသည်။

အဆိုပါ ရန်ပုံငွေများကို ကျေးလက်နေပြည်သူများ အလုပ်အကိုင်ရရှိရေးနှင့် ဝင်ငွေတိုးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နိုင်ရေးအတွက် ပြန်လည်ထုတ်ချေးခြင်းဖြစ်ကြောင်း မက်မန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာမှ သိရသည်။

စောဥမ္မာ (ခရိုင်၊ပြန်/ဆက်)