နမ္မတူ ဒီဇင်ဘာ ၁၁
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရုံးနှင့် စာအုပ်စာပေဝါသနာပါသူ (Club) အဖွဲ့ဝင်များ စုစည်း၍ ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ (၄)ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို စာဖတ်ဝိုင်းနှင့် စာအုပ်စာစောင်ပြပွဲ ယနေ့နံနက် (၉)နာရီအချိန်က နမ္မတူမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
စာဖတ်ဝိုင်းတွင် ရှေးဦးစွာ နမ္မတူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ချစ်ချစ်ပိုင်က စာအုပ်တစ်အုပ်ရဲ့အပေါ်မှာ တစ်ဦးနှင့်တစ်ဦးမတူညီတဲ့ အတွေး အမြင်သစ်တွေ၊ စာအုပ်မှရရှိသော အသိပညာဗဟုသုတလေးတွေကို တစ်ဦးနှင့်တစ်ဦး မျှဝေ နိုင်ရန်နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စာကြည့်တိုက်နှင့်လည်း ရင်းနှီး ကျွမ်းဝင်မှု ပိုမိုရရှိကာ စာအုပ်စာပေကောင်းများ လေ့လာရှာမှီးတတ်စေရန် ရည်ရွယ်၍ စာအုပ်စာပေ ဝါသနာပါသူ (Club) အဖွဲ့ဝင်များဖြင့် ပူးပေါင်းကာ စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ စာရေးဆရာ အောင်သင်း၏ “လူငယ်နှင့်အမိုက်တရား လူငယ်နှင့်အသိပညာ” စာအုပ်ဖြင့် စာဖတ်ဝိုင်းအားကျင်းပရာ စာအုပ်စာပေဝါသနာပါသူ (Club) အဖွဲ့ဝင်များက စာအုပ်ပါ အကြောင်းအရာများအား အသီးသီးဖတ်ကြားဆွေးနွေးခဲ့ရာ ဒုတိယဦးစီးမှူး ဒေါ်ချစ်ချစ်ပိုင်က ဖြည့်စွက်ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
ထို့နောက် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို စာအုပ်စာစောင်ပြပွဲအား ခင်းကျင်းပြသခဲ့ရာ တက်ရောက်လာသည့် စာအုပ်စာပေဝါသနာပါသူ (Club) အဖွဲ့ဝင်များက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
လူမော် (ပြန်/ဆက်)