ရန်ကင်းမြို့နယ်တွင် အစိုးရ အဘိဓမ္မာ၊ဋီကာကျော်နှင့် ဝိသုဒ္ဓိမဂ် စာမေးပွဲကျင်းပ

ရန်ကင်း ဒီဇင်ဘာ ၁၁

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်တွင်  ထေရဝါဒဗုဒ္ဓသာသနာထွန်းကားပြန့်ပွားစေရန် ရည်ရွယ်၍ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော အစိုးရ အဘိဓမ္မာ စာမေးပွဲ၊ အဘိဓမ္မာဂုဏ်ထူးဆောင် (ဋီကာကျော်)စာမေးပွဲနှင့် ဝိသုဒ္ဓိမဂ်စာမေးပွဲများကို  ယမန်နေ့ မွန်းတည့် ၁၂ နာရီက မိုးကောင်းဆုတောင်းပြည့် သာသနာ့ဗိမာန်တော်ကြီးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ လူပုဂ္ဂိုလ်များဆိုင်ရာ စာမေးပွဲကို   ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်တားဆီးကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။

ရန်ကင်းမြို့နယ် သံဃနာယကအဖွဲ့၏  ဩဝါဒနှင့်အညီ စာမေးပွဲကြီးကြပ်ရေးအဖွဲ့မှ စီစဉ်သော လူပုဂ္ဂိုလ်များဆိုင်ရာ အစိုးရအဘိဓမ္မာစာမေးပွဲတွင် (၁၈၅)ဦး၊အဘိဓမ္မာဂုဏ်ထူးဆောင် (ဋီကာကျော်)စာမေးပွဲတွင် ၂၈ ဦးနှင့် ဝိသုဒ္ဓိမဂ်စာမေးပွဲတွင် (၃၂)ဦးတို့သည် လူပုဂ္ဂိုလ်များ ဆိုင်ရာစာမေးပွဲများကို  စိတ်အေးချမ်းသာစွာ ဝင်ရောက်ဖြေဆိုခဲ့ကြကြောင်း သိရသည်။

အဆိုပါ လူပုဂ္ဂိုလ်များဆိုင်ရာ အစိုးရအဘိဓမ္မာစာမေးပွဲ၊ အဘိဓမ္မာဂုဏ်ထူးဆောင် (ဋီကာကျော် ) စာမေးပွဲနှင့် ဝိသုဒ္ဓိမဂ်စာမေးပွဲများ ကျင်းပပြုလုပ်နေမှု အခြေအနေများအား မြို့နယ်သံဃာ့နာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမင်းမင်းလတ်နှင့် အဖွဲ့ဝင်များက လိုက်လံကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြသည်။

အဆိုပါ စာမေးပွဲများကို အဆင့်(၃)ဆင့် သတ်မှတ်၍ နှစ်စဉ်ကျင်းပပြုလုပ်လျက်ရှိပြီး ၂၀၂၂-ခုနှစ် ဒီဇင်ဘာလ(၉) ရက်နေ့တွင် ပထမအဆင့် စာမေးပွဲများကို ကျင်းပပြုလုပ်ခဲ့ရာ နေ့စဉ် မွန်းတည့် (၁၂)နာရီမှ ညနေ(၄)နာရီအထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

အိရွှေစင်(ပြန်/ဆက်)