ညောင်ဦးမြို့နယ်နှင့် ကျောက်ပန်းတောင်းမြို့နယ်ရှိ ကြက်သွန်စိုက်ပျိုးတောင်သူများ ကြက်သွန်ပျိုးများ စတင်ပျိုးထောင်နေပြီဖြစ်

ညောင်ဦး  ဒီဇင်ဘာ  ၁၁

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်နှင့် ကျောက်ပန်းတောင်းမြို့နယ်အတွင်းရှိ ကြက်သွန်နီစိုက်ပျိုးတောင်သူများ ကြက်သွန်နီစိုက်ပျိုးရန် စတင်ပျိုးထောင်နေကြပြီဖြစ်ကြောင်း ညောင်ဦးမြို့နယ် သစ်ထောင့်ကျွန်းကျေးရွာ ကြက်သွန်နီစိုက်ပျိုးတောင်သူ ဦးတင်ထွန်းအောင်ထံက သိရသည်။

ကြက်သွန်နီပျိုးစေ့ စတင်ပျိုးထောင်ချိန် အလွန်ဂရုစိုက်ပျိုးထောင်ရပြီး ကြက်သွန်ပျိုး တစ်ပြည် လေးသောင်းကျပ် ပေးပျိုးထောင်ရကြောင်း၊ ကြက်သွန်စိုက်ပျိုးတောင်သူများ ကြက်သွန်ပျိုးထောင်ချိန်မှ နှုတ်သိမ်းပြီး လှောင်စင်ပေါ်ရောက်မှသာစိတ်ချရပြီး လှောင်စင်ပေါ်ရောက်ပြီး ဈေးနှုန်းမရသည့်နှစ်များတွင်လည်း ကြက်သွန်စိုက်ပျိုးတောင်သူများ တွက်ခြေမကိုက်ကြကြောင်း၊ ကြက်သွန်စိုက်ပျိုးရန် ကိုယ်ပိုင်စိုက်ပျိုးမြေမရှိသည့် တောင်သူများစိုက်ပျိုးမြေ ငှားရမ်းခ တစ်ဧက သုံးသိန်းကျပ်ပေး ငှားရမ်းစိုက်ပျိုးရကြောင်း၊ ကြက်သွန်တစ်သီးစာအတွက်သာဖြစ်ပြီး၊ ကြက်သွန်နီစိုက်ပျိုးရန်အတွက် မြေဩဇာအဖြစ် နွားချေး၊ ဆိတ်ချေး၊ ကြက်ချေး၊ ငုံးချေး၊ ဖော့စမိတ်၊ ပုလဲ၊ ရွက်ဖြန်းဆေးများသုံးပြီး စိုက်ပျိုးရကာ၊ ကြက်သွန်စိုက်ခ၊ နှုတ်သိမ်းခ၊ စင်ပေါ်အတင်အချခ၊ ပေါင်းသင်ခ၊ သယ်တိုက်စရိတ်များ၊ ကြက်သွန်ရေဖြန်း စရိတ်(ဓာတ်ဆီ၊ ဒီဇယ်)ဖိုးများ တစ်ဧကစိုက်ပျိုးစရိတ်တွက်ကြည့်ပါက ကြက်သွန်နီစိုက်ပျိုးခအရင်းတွင် ပင် သိန်း(၂၀)ခန့် ကုန်ကျကြောင်း၊ လှောင်ကြက်သွန်နီဈေး သုံးနှစ်ဆက်တိုက်အရှုံးပေါ်သော်လည်း ယခုနှစ် ကြက်သွန်နီဈေးနှုန်းကောင်းခဲ့ခြင်းကြောင့် ပိုမိုစိုက်ပျိုးလာနိုင်ကြောင်း ကျေးလက်တောင်သူများ ကြက်သွန်နီစိုက်ပျိုးရန် စတင်ပျိုးထောင်နေပြီဖြစ်ကြောင်း ကျောက်ပန်းတောင်းမြို့နယ် မုန့်ကုန်းကျေးရွာ ကြက်သွန်နီငါးဧကစိုက်ပျိုးတောင်သူ ဦးနေမျိူးထွန်းကရှင်းပြသည်။

ကိုကြေးမုံ