မိုင်းခုတ်မြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး စာအုပ်ပြပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာဖတ်ဝိုင်းကျင်းပ

မိုင်းခုတ် ဒီဇင်ဘာ ၁၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)တို့ပူးပေါင်း၍ ဒီဇင်ဘာ ၁၀ ရက်နေ့လယ် ၁ နာရီက စာဖတ်ရှိန်မြှင့်တင်ရေး စာအုပ်ပြပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာဖတ်ဝိုင်းကို လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ရှေးဉီးစွာပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ ဉီးစီးမှူး ဒေါ်ယဉ်ယဉ်ဝင်းက အများပြည်သူများ အသိပညာဗဟုသုတများ တိုးပွားရရှိစေရန်၊ အမှားနှင့်အမှန်ဝေဖန်ပိုင်းခြားတတ်စေရန်၊ စာပေဝါသနာရှင်များ တစ်ဉီးနှင့်တစ်ဉီး ရင်းနှီးကျွမ်းဝင်မှုရရှိပြီး သူ့အမြင်၊ ကိုယ်အမြင်များ ဖလှယ်နိုင်စေရန်နှင့် စာဖတ်သည့် အလေ့အကျင့်ရရှိစေရန်ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ ခင်းကျင်းပြသထားသည့် အသိပညာပေး သုတ၊ ရသစာအုပ်များ၊ ကိုယ်လက်လှုပ်ရှား အားကစားကဏ္ဍဆိုင်ရာ အသိပညာပေးဓာတ်ပုံနှင့် စာစောင်များ၊ သက်ငယ်မုဒိမ်းပပျောက်ရေးဆိုင်ရာအသိပညာပေးဓာတ်ပုံနှင့် စာစောင်များ၊ ကလေး အလုပ်သမားပပျောက်ရေး အသိပညာပေးဓာတ်ပုံနှင့်စာစောင်များအား တက်ရောက်လာသူတို့က စိတ်ဝင်တစားဖတ်ရှုလေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

ဆက်လက်၍ စာရေးဆရာ ဒေါက်တာခင်မောင်ညို၏ ''လူငယ်နှင့်အကောင်းဆုံးသောဘဝကိုတည်ဆောက်ခြင်း'' စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပရာ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) ဉက္ကဋ္ဌ ဉီးဟန်ဝင်းစိုးက ''လူငယ်နှင့်အောင်မြင်ခြင်း'' ခေါင်းစဉ်ဖြင့် ဉီးဆောင် ဆွေးနွေးပြီး အဖွဲ့ဝင်ဒေါ်နှင်းရီက ''လူငယ်နှင့်လူမှုရေးအတွေးများ''ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ ဒုတိယဉီးစီးမှူး ဒေါ်ယဉ်ယဉ်ဝင်းက ''လူငယ်နှင့် အလှအပ''ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာကြည့်တိုက်လက်ထောက်-၃ ဒေါ်ဇင်မီမီထွန်းက ''လူငယ်နှင့်ဒဿန''ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြကြောင်းသိရသည်။

အဆိုပါ စာဖတ်ဝိုင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ လစဉ်ကျင်းပပြုလုပ်လျက်ရှိပြီး စိတ်ပါဝင်စားသူများအနေဖြင့် တက်ရောက်လေ့လာနိုင်ကြောင်း သိရသည်။

ယဉ်ယဉ်ဝင်း(ပြန်/ဆက်)