မချမ်းဘော့၌ အခြေခံပညာအထက်တန်းကျောင်းအဆင့်တိုး ဖွင့်ပွဲကျင်းပ

မချမ်းဘော့ ဒီဇင်ဘာ ၁၀

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာ အထက်တန်း ကျောင်း အဆင့်တိုးဖွင့်ပွဲကို ယမန်နေ့ နံနက် ၁၀ နာရီခွဲက အထက ထရန်ဒမ်းကျောင်း၌ ကျင်းပခဲ့သည်။

အခမ်းအနားကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကိုဝင်း၊ ပူတာအိုခရိုင်ပညာ ရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးငွားခီရဲ့၊ အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာကြီး ဦးမြင့်ဝင်းတို့က ဖဲ​​ကြိုးဖြတ်ဖွင့်လှစ်ခဲ့သည်။

ဆက်လက်၍ ပူတာအိုခရိုင်ပညာရေးမှူး ကိုယ်စား လက်ထောက်ညွှန်ကြားရေးမှူး ဦးငွားခီရဲ့က အဖွင့်အမှာစကား ပြောကြားရာတွင် အထက(ခွဲ)ထရန်ဒမ်းမှ အထကကျောင်းအဆင့်သို့ တိုးလာ သည့်အတွက် ဒေသခံကျောင်းသူ၊ ကျောင်းသားများအတွက် အလွန်ပင်အကျိုးရှိလာကြောင်း၊ အဆင့်တိုးလာတာနှင့် အညီ စာသင်ခန်းများ၊ သင်ထောက်ကူများ၊ မီဒီယာခန်းများစသည့် လိုအပ်ချက်များလည်း ရှိလာမှာဖြစ်တဲ့အတွက် သက်ဆိုင်ရာအဆင့်ဆင့်သို့လည်း တင်ပြ တောင်းခံပေးသွားမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားသည်။ ထို့နောက် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးအောင်ကိုဝင်းက လမ်းညွှန်အမှာစကား ပြောကြားရာတွင်  ဒေသ အခြေအနေအရ ဖွံ့ဖြိုးမှုနောက်ကျခဲ့သော်လည်း လက်ရှိဒေသဖွံဖြိုးရေးများ ဆောင်ရွက်လာတ အခါ ယခုလို တိုးတက်လာတာကိုတွေ့ရှိရတဲ့အတွက် ဒေသခံများအနေဖြင့် ကောင်းစွာ သဘောပေါက်ဖို့ လိုအပ်ကြောင်း၊  ကျောင်းအဆင့်တိုးမြင့်လာသည့်အတွက် ဒေသရှိတာဝန်ရှိ ပုဂ္ဂိုလ်များက အားသွန်ခွန်စိုက်ကြိုးစားရန်လိုအပ်ကြောင်း၊ မူးယစ်ဆေးဝါးသောက်သုံးခြင်း များကိုလည်း ပပျောက်အောင် ဝိုင်းဝန်းဆောင်ရွက်ဖို့လိုအပ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ အထကထရန်ဒမ်း ကျောင်းအုပ်ဆရာကြီး ဦးမြင့်ဝင်းက ကျေးဇူးတင်စကား ပြောကြားခြင်း၊ ရပ်မိရပ်ဖတစ်ဦးက ကျောင်း သမိုင်းအကျဉ်းများပြောခြင်းနှင့် ကျောင်းအဆင့် တိုး အလံပေးအပ်ခြင်းများ၊ ထရန်ဒမ်း​ကျေးရွာအုပ်ချုပ်ရေးမှူးမှ အထကထရန်ဒမ်းအတွက် ဆုတောင်းခံချက်တင်ပြခြင်းများ အထက ထရန်ဒမ်းကျောင်းသူ၊ ကျောင်းသားများ၏ အကပဒေသာများဖြင့် ဧည့်ခံဖျော်ဖြေခဲ့ကြပြီး အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် များ၊ ခရိုင်မြို့နယ် ပညာရေးဌာနမှ တာဝန်ရှိသူများ၊ ဆရာ ဆရာမများ၊ ကျောင်းသူ၊ ကျောင်းသားများ၊ မိဘများ စုစုပေါင်း ၄၂၀ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ယောရွှေနီ(မချမ်းဘော့)