ပင်းတယ၌ ထောပတ်သီးများစတင်ခူးဆွတ်ရောင်းချချိန်ဈေးကောင်းရရှိနေ

ပင်းတယ       ဒီဇင်ဘာ  ၁၀

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေ(ပင်းတယ)တွင် ထောပတ်သီးများ စတင်ခူးဆွတ် ရောင်းချချိန်ဈေးကောင်းရရှိနေ၍ ထောပတ်သီးစိုက်ပျိုးရောင်းချသည့် တောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

ပင်းတယမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများသည် စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်၍ အသက်မွေးဝမ်းကြောင်းပြုကြပြီး ဒေသနှင့်ကိုက်ညီသော သီးပင်၊ စားပင်နှင့် ပန်းပင်များအား မျိုးကောင်းမျိုးသန့်များရရှိရန်အတွက် စိုက်ပျိုးရေးနည်းပညာ များအသုံးပြု၍ စနစ်တကျစိုက်ပျိုးကြလျက်ရှိရာ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများတွင် ထောပတ်သီးပင်များအား မိမိတို့နေအိမ်ခြံဝန်းများအတွင်း တစ်နိုင်တစ်ပိုင်စိုက် ပျိုးသူများရှိ သကဲ့သို့ စီးပွားဖြစ် စိုက်ပျိုးဧက အများအပြားစိုက်ပျိုးကြသူများလည်းရှိသည်။

ထိုသို့စိုက်ပျိုးကြရာတွင် အအေးဓာတ်လွန်ကဲသော တောင်ပေါ်ဒေသများဖြစ်သည့် မဲနယ်တောင် ကျေးရွာ၊ ပန်းစစ်ကျေးရွာ၊ ဆီးကျအင်းကျေးရွာနှင့် အခြားသောတောင် ပေါ်ကျေးရွာများတွင်  မတ်လပိုင်းမှ စတင်ခူးဆွတ်ရောင်းချကြရပြီး မြေပြန့်ဒေသများ၌ စိုက်ပျိုးထားသည့်ထောပတ်သီးများအား ဒီဇင်ဘာလ (ယခုလ)အတွင်း ခူးဆွတ်ရောင်း ချကြရကြောင်းသိရသည်။

ယခင်နှစ်တွင် ဒီဇင်ဘာလအတွင်း ပင်းတယမြို့နယ်မှ ထွက်ရှိသော ထောပတ်သီးအလုံး (၁၀၀)ပါ တစ်အိတ်လျှင် အနည်းဆုံးကျပ်ငွေ သုံးသောင်းမှ အများဆုံး ကျပ်ငွေ ငါးသောင်းခန့်သာရရှိခဲ့ပြီး ယခုနှစ်တွင် အနည်းဆုံးကျပ်ငွေ ခြောက်သောင်းမှ အများဆုံး ကျပ်ငွေ ရှစ်သောင်းခန့်ရရှိကြောင်းနှင့် ထောပတ်သီးအလုံး အရွယ်အစားပေါ်မှုတည်၍ ဈေးနှုန်းကွာခြားမှုဖြင့် ပင်းတယမြို့နယ်မှတစ်ဆင့် ရန်ကုန်၊ တာချီလိတ်နှင့် အခြားမြို့များ သို့ တင်ပို့ရောင်းချလျက်ရှိကြောင်း ထောပတ်သီးပွဲစားတစ်ဦးထံမှသိရသည်။

ရဲထက်ဦး(ပြန်/ဆက်)