တံတားဦ၊ စက်တင်ဘာ- ၂၂
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြေဆီလွှာဂုဏ်သတ္တိ တိုးတက်ရေး အတွက် မျိုးစေ့ထုတ်ရန် သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)စိုက်ပျိုးခြင်းကို ယနေ့နံနက်(၉)နာရီက တံတားဦးမြို့နယ် မြင်းသည်နည်းပညာပေးစင်တာရှိ ယာမြေ(၁)ဧကတွင် စိုက်ပျိုးကြောင်းသိရသည် ။
တောင်သူများ၏ သီးနှံစိုက်ပျိုးမြေများတွင် မြေဆီလွှာဂုဏ်သတ္တိတိုးတက်ရေး သစ်စိမ်း မြေဩဇာ (ပိုက်ဆံလျှော်) စိုက်ပျိုးခြင်းကို သဘာဝသစ်စိမ်းမြေဩဇာအဖြစ် ပြုလုပ်သုံးစွဲရန် ပညာပေး စိုက်ပျိုးထားခြင်းဖြစ်ပြီး ဝင်ငွေရ သီးနှံမစိုက်ပျိုးမီ ခေတ္တမြေအားလပ်ချိန်၌ အကြီးမြန်သော ပဲမျိုးရင်း အပင်များကို ကျဲပတ် စိုက်ပျိုးကြပြီး အပင်(၄၅)ရက်သားအချိန်တွင် ပန်းများပွင့်ချိန် အပင်များ အစိမ်းအတိုင်းထယ်ထိုး၍ မြေတွင်မြုပ်ပြီး ဆွေးမြေ့ပြီးနောက် မြေဆီလွှာကို အားဖြည့်ပေးသော မြေဩဇာဖြစ်၍ သစ်စိမ်းမြေဩဇာပြုလုပ်ခြင်းဖြင့် မြေဆီလွှာ၏ ဂုဏ်သတ္တိများကိုလည်း ပြုပြင်ပြောင်းလဲနိုင်ပြီး နိုက်ထရိုဂျင်များစွာရရှိခြင်းနှင့် မြေတွင်းသစ်ဆွေး ဓါတ်များစွာ တိုးတက်ရရှိပြီး အနုဇီဝပိုးများကိုလည်း တိုးပွားစေပါကြောင်း ဒါ့အပြင် မြေဆီလွှာ၏ ချဉ်ငံကိန်းကိုလည်း ထိန်းသိမ်း ပေးကြောင်း ယနေ့စိုက်ပျိုးသည့် အပင်များသည် သက်တမ်း(၅)လပြည့်သည့် အချိန်တွင် မျိုးစေ့ အောင်မြင်ပြီး တစ်ဧကကို (၅)တင်း ၊ (၇)တင်းရရှိမည်ဖြစ်ပြီး မျိုးစေ့ထုတ်စိုက်ခင်းမှ တစ်ဧကလျှင် ခြောက်တင်းမှရှစ်တင်းထိ ထွက်ရှိပါကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်ကျော်ညွန့် ထံမှသိရသည် ။
ပိုက်ဆံလျှော်ကို သစ်စိမ်းမြေဩဇာအဖြစ် အသုံးပြုလျှင် တစ်ဧကို နိုက်ထရိုဂျင်(၅)ပေါင်နှင့် သစ်ဆွေး ဓါတ်(၇) တန်ထိ ရရှိပါကြောင်း သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)အဖြစ် ညံပင် ၊ ဒန့်ကွဲပင် ၊ မဲရိုင်းပင် ၊ မတ်ပဲ ၊ ပဲတီစိမ်းနှင့် ပဲရင်းစသည့်အပင်များကိုလည်း စိုက်ပျိုးနိုင်ကြောင်း တောင်သူများအနေဖြင့် မြေဆီလွှာတိုးတက် ကောင်းမွန်ရန်အတွက် ကုန်ကျစရိတ် သက်သာစေပြီး မြေဩဇာ ပြုလုပ်သုံးစွဲ ရန်ရည်ရွယ်၍ စမ်းသပ်စိုက်ပျိုးခြင်းဖြစ်ကြောင်း မျိုးစေ့ထုတ်ရန်အတွက် မြေ တစ်ဧကလျှင် မျိုးစေ့(၅) ပြည်ကုန်ကာ အတန်းလိုက် ထွန်ယက်စိုက်ပျိုးခြင်းမှ ရရှိသည့်မျိုးစေ့များကို တောင်သူများထံ ဆက်လက် ဖြန့်ဖြူးပေးနိုင်ရေးအတွက် စိုက်ပျိုးခြင်းဖြစ် ကြောင်းသိရသည် ။
ရဲတင့်(တံတားဦး-ပြန်/ဆက်)