မိုးညှင်း ဒီဇင်ဘာ ၁၀
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ်တွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အတွက် ဒေသခံကျေးရွာပြည်သူများနှင့် တွေ့ဆုံဆွေးနွေးခြင်းကို ယမန်နေ့ နံနက် (၉)နာရီက ခရိုင်/မြို့နယ်ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး ငါးကြောင်းဖြင့် ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်းဆောင်ရွက်ရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးညီညီလွင် ဦးဆောင် သည့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာ အကြီးအကဲများသည် ဘီလူးကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းအနီး ဓမ္မာရုံ၌လည်းကောင်း၊ ပင်းဟဲကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း၌လည်းကောင်း ကျေးရွာဒေသခံပြည်သူများနှင့် တွေ့ဆုံ ဆွေးနွေးခဲ့သည်။
ထိုသို့ တွေ့ဆုံရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ပတ်သက်၍ အဖွင့်အမှာစကားပြောကြားပြီး သက်ဆိုင်ရာတာဝန်ရှိသူများက နယ်မြေလုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ ရွေးကောက်ပွဲဆိုင်ရာများ၊ စိုက်ပျိုးရေးဆိုင်ရာများ၊ မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေးများ၊ လူကုန်ကူးမှုအန္တရာယ်ကြိုတင်ကာကွယ်ရေးများ၊ ပန်းခင်းအဆင့်(၂) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်း လုပ်ငန်းဆောင်ရွက်ခြင်း ဆိုင်ရာများ၊ တောင်သူများအတွက် ချေးငွေကိစ္စရပ်များ၊ ကျန်းမာရေးဆိုင်ရာများနှင့် ပညာရေးဆိုင်ရာများကို အသီးသီးဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့နောက် ဒေသခံကျေးရွာပြည်သူများမှ သိရှိလိုသည့်ကိစ္စရပ်များကို အသီးသီး ဆွေးနွေးတင်ပြကြရာ သက်ဆိုင်ရာတာဝန်ရှိသူများက လုပ်ငန်းကဏ္ဍများအလိုက် ပြန်လည်ဆွေးနွေး ခဲ့ကြောင်း သိရသည်။
ရွှေမိုးညှင်း