ပူတာအိုမြို့၌ (၇၃)နှစ်မြောက် ရဝမ်အမျိုးသားနေ့ အထိမ်းအမှတ်အခမ်းအနားတွင် ပြည်သူတစ်ထောင်ခန့် ပါဝင်ဆင်နွှဲ

ပူတာအို ဒီဇင်ဘာ ၁၀

ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင် မြန်မာနိုင်ငံရဝမ်စာပေနှင့် ယဉ်ကျေးမှုအသင်း၏ လမ်းညွှန်မှု၊ မြို့နယ် ရဝမ်စာပေနှင့် ယဉ်ကျေးမှုအသင်း၏ ဦးဆောင်မှုဖြင့် (၇၃)နှစ်မြောက် ရဝမ်အမျိုးသားနေ့အထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့ နံနက်(၁၀)နာရီက ပူတာအိုမြို့ ဒုတ္ထန်ရပ်ကွက်ရှိ ရဝမ်အမျိုးသားဥယျာဉ် ခါကာဘိုရာဇီခန်းမနှင့် မနောကွင်း၌ ကျင်းပရာ ပြည်သူတစ်ထောင်ခန့် ပါဝင်ဆင်နွဲခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြန်မာနိုင်ငံရဝမ်စာပေနှင့် ယဉ်ကျေးမှုအသင်း ဒုတိယဥက္ကဋ္ဌ ဦးဂရူးယောနသန်က (၇၃)နှစ် မြောက် ရဝမ်အမျိုးသားနေ့ အခမ်းအနားသို့ မြန်မာနိုင်ငံရဝမ်စာပေနှင့် ယဉ်ကျေးမှုအသင်း ဥက္ကဋ္ဌထံမှ ပေးပို့ သော သဝဏ်လွှာကိုဖတ်ကြားပြီး ပူတာအိုအခြေချ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး မင်းသီဟနှင့် ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးမယစ်ယောရှုတို့က အားပေးစကားပြောကြားသည်။

ဆက်လက်၍ (၇၃)နှစ်မြောက် ရဝမ်အမျိုးသားနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ရဝမ်ယဉ်ကျေးမှုအက အလှများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြပြီး ပူတာအိုအခြေချ စစ်ဗျူဟာမှူး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခေါင်လန်ဒီးနှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဝမ်စာပေနှင့် ယဉ်ကျေးမှုအသင်း ဒုတိယဥက္ကဋ္ဌ ဦးဂရူးယောန သန်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရဝမ်စာပေနှင့် ယဉ်ကျေးမှုအသင်းဥက္ကဋ္ဌ ဦးဆင်ဆုန်းနှင့် တာဝန်ရှိသူများက ဂေါက်သီးရိုက်ပြိုင်ပွဲ၊ ဖူဆယ်ဘောလုံးပြိုင်ပွဲ၊ ဒူးလေးပစ်ပြိုင်ပွဲ၊ ရဝမ်စာပေဖြင့် ကဗျာ၊ ဆောင်းပါးပြိုင်ပွဲဆု ရရှိသူများ၊ လူမှုပရဟိတအဖွဲ့များနှင့် လူမှုဖွံ့ဖြိုးရေး ထမ်းဆောင်ရှင်များအား ဂုဏ်ပြု ဆုငွေနှင့် ဂုဏ်ပြု မှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။ ထို့နောက် ပူတာအိုအခြေချစစ်ဗျူဟာမှူးက ပူတာအိုမြို့နယ် ရဝမ်စာပေနှင့် ယဉ်ကျေးမှုအသင်းအတွက် အလှူငွေကျပ် ငါးသိန်းကို ထောက်ပံ့ လှူဒါန်းပြီး မနောကွင်းတွင် ပြည်သူတစ်ထောင်ခန့်က အဇီးလမ်အက(မနောအက)ဖြင့် စုပေါင်းပါဝင်ဆင်နွှဲခဲ့ကြသည်။

အဆိုပါ (၇၃)နှစ်မြောက် ရဝမ်အမျိုးသားနေ့ကို ရဝမ်အမျိုးသားများ ဖန်ဆင်းရှင်ဘုရားကို အတူတကွ ဝတ်ပြုနိုင်ရန်၊ အမျိုးသားစိတ်ဓာတ်ရှင်သန်ထက်မြက်ရန်နှင့် ရိုးရာဓလေ့စရိုက်များ ဆက်လက်ထိန်းသိမ်း သွားရန်၊ ရဝမ်အမျိုးသားများ သွေးစည်းညီညွှတ်ရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲရန်၊ ရဝမ်အမျိုးသားများ ဘက်စုံ ဖွံ့ဖြိုးရေးအတွက် ညှိနှိုင်းဆောင်ရွက်ကြရန် စသည့် ရည်ရွယ်ချက်(၄)ချက်ဖြင့် ကျင်းပခဲ့ခြင်းဖြစ်ပြီး ရဝမ်စာပေ ရရှိရေးအတွက် ဒေသအသီးသီး မှရဝမ်များ ပထမဆုံးအကြိမ် စုစည်းတွေ့ဆုံစည်းဝေးခဲ့သည့် ၁၉၄၉ ခုနှစ် ရဝမ်စာပေအစည်းအဝေးမှ စတင်ခဲ့သော ရဝမ်စာပေနေ့ ဒီဇင်ဘာ(၉)ရက်နေ့ကို ရဝမ်အမျိုးသားနေ့အဖြစ် သတ်မှတ်ခဲ့ကြခြင်းဖြစ်သည်။

ဖုန်ကန်(ပူတာအို)