ကျောက်တံတားမြို့နယ်၌ ဆံတော်ရှင် ဆူးလေစေတီတော်​မြတ်ကြီး ရွှေစင်၊ ရွှေပြား၊ မျက်ပါး ရွှေသင်္ကန်းတော်များ ကပ်လှူပူဇော်ရေး သတင်းနှင့် ပြန်ကြားရေးလုပ်ငန်းကော်မတီ အစည်းအဝေး ပြုလုပ်

ကျောက်တံတား ဒီဇင်ဘာ ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ကျောက်တံတားမြို့နယ်၌ ဆံတော်ရှင်ဆူးလေ စေတီတော် ရွှေထီးတော်၊ စေတီတော်လုံးတော်ပြည့်နှင့် အရံစေတီတော်များအား ရွှေစင်၊ ရွှေပြား၊ မျက်ပါးရွှေသင်္ကန်း ကပ်လှူပူဇော်ရန် သတင်းနှင့် ပြန်ကြားရေးလုပ်ငန်းကော်မတီ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီကအမှတ်(၁)ရပ်ကွက် ဆံတော်ရှင် ဆူးလေစေတီတော်ရှိ အထူးအစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အခမ်းအနားအား နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့သည်။ ဆက်လက်၍ သတင်းနှင့်ပြန်ကြားရေးကော်မတီဥက္ကဋ္ဌ ဂေါပကအဖွဲ့ဝင် မဟာသဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာသီရိ သုဓမ္မမဏိ ဇောတဓရ၊ စည်သူဒေါက်တာ လှဝင်းအောင်က အဖွင့်အမှာစကားပြောကြားရာတွင် ဆံတော်ရှင်ဆူးလေ စေတီတော်မြတ်ကြီး ရွှေစင်၊ ရွှေပြား၊ ရွှေသင်္ကန်း ကပ်လှူပူဇော်နိုင်ရေးအတွက် ကော်မတီဝင်(၈)ဦးဖြင့် ဖွဲ့စည်းထား ကြောင်း၊ ရွှေသင်္ကန်း ကပ်လှူပူဇော်နိုင်ရေးအတွက် ကဏ္ဍကြီး (၈)ခုပါဝင်နေကြောင်း၊ အဆိုပါ ကဏ္ဍကြီး(၈)ခုသည် ကဏ္ဍအလိုက် အလွန်အရေးပါကြောင်း၊ သတင်းနှင့်ပြန်ကြားရေးဆိုတာ နိဗ္ဗာန်အကျိုးနှိုးဆော် လိုသူများဖြစ်ကြောင်း၊ သဒ္ဒါတရားတွေများလာအောင်၊ ပြည်သူအများ လှူချင်လာအောင် နှိုးဆော်ပေးတဲ့သူများလည်းဖြစ်ကြောင်း၊ ဆူးလေးစေတီတော်မြတ်ကြီးအား (၅)နှစ်တစ်ကြိမ် ရွှေသင်္ကန်းကပ်လှူပူဇော် လျက်ရှိကြောင်း၊ ဆူးလေစေတီတော်မြတ်ကြီး ဘက်စုံဖွံဖြိုးတိုးတက်ရေးအတွက် သတင်းနှင့်မီဒီယာများမှလည်း ပူးပေါင်းပါဝင်ပြီး ပါရမီ ဖြည့်စေလိုကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် တက်ရောက်လာကြသည့် သတင်းနှင့်ပြန်ကြားရေးလုပ်ငန်း ဆပ်ကော်မတီဝင်များ ဖြစ်သည့် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ရီရီလွင်၊ ကျောက်တံတားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်လှလှထွေး၊ သတင်းနှင့်ပြန်ကြားရေးလုပ်ငန်းကော်မတီ ဒု-ဥက္ကဋ္ဌဦးစည်သူ (SKY NET)၊ ဦးစိုးဝင်း (ဗုဒ္ဓ-Chennal)နှင့် ဆူးလေစေတီတော် ဂေါပကအဖွဲ့ဝင်များမှ သတင်းနှင့်ပြန်ကြားရေး ဆိုင်ရာ ကိစ္စရပ်များအား ဝိုင်းဝန်းဆွေးနွေးအကြံပြုခဲ့ကြသည်။ ယင်းနောက် သတင်းနှင့် ပြန်ကြားရေးလုပ်ငန်း ကော်မတီဥက္ကဋ္ဌ စည်သူဒေါက်တာလှဝင်းအောင်မှ နိဂုံးချုပ် ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး ဆံတော်ရှင်ဆူးလေစေတီတော်မြတ်ကြီး ရွှေစင်၊ ရွှေပြား၊ မျက်ပါးရွှေသင်္ကန်းတော်များ ကပ်လှူပူ ဇော်နိုင်ရန် ဖုန်း- ၀၁ ၈၃၇၁၀၀၇၊ ၀၁၈၃၇၁၀၀၉၊ ၀၁ ၈၃၇၁၅၆၂ သို့ဆက်သွယ်လှူဒါန်းနိုင်ပါကြောင်းနှင့် အခမ်းအနားအား ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုပြီး အခမ်းအနားအား ရုပ်သိမ်းခဲ့​ကြောင်း သိရသည်။

လှလှထွေး(ပြန်/ဆက်)