နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် လယ်ဝေးမြို့နယ်အတွင်း ၂၀၂၂- ၂၀၂၃ ခုနှစ်၊ နွေစပါး စိုက်ပျိုးထုတ်လုပ်ရေးအတွက် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၊ ဆန်စက်လုပ်ငန်းရှင်များ၊ သွင်းအားစု ကုမ္ပဏီများနှင့် တောင်သူများ အထူးတွေ့ဆုံပွဲ ကျင်းပ

လယ်ဝေး ဒီဇင်ဘာ ၁၀

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးခရိုင်၊ လယ်ဝေးမြို့နယ် သီရိမင်္ဂလာခန်းမတွင် ယမန်နေ့နံနက် ၉ နာရီခွဲက ၂၀၂၂-၂၀၂၃ ခုနှစ်၊ နွေစပါးစိုက်ပျိုးထုတ်လုပ်ရေးအတွက် မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်၊ ဆန်စက်လုပ်ငန်းရှင်များ၊ သွင်းအားစုကုမ္ပဏီများနှင့် တောင်သူများ အထူးတွေ့ဆုံပွဲ အခမ်းအနားကျင်းပရာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးနှင့် တိုင်းအဆင့် ဌာဆိုင်ရာများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များနှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြန်မာ့လယ်ယာ စီးပွားနှင့် အများပိုင် ကုမ္ပဏလီမိတက်မှ တာဝန်ရှိသူများ၊ နေပြည်တော်ဒေသကော်မတီ ဆန်စပါးအသင်းမှ တာဝန်ရှိသူများနှင့် ဒေသခံတောင်သူများ တက်ရောက်ကြသည်။

 ရှေးဦးစွာ နေပြည်တော်ကောင်စီ အဖွဲ့ဝင်ဦးမြင့်စိုးက အဖွင့်အမှာစကား ပြောကြားရာတွင် နိုင်ငံ၏ စီးပွားရေး အခြေအနေကောင်းများ ဖန်တီးနိုင်မှသာလျှင် နိုင်ငံဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်မည်ဆိုသည့် မူဝါဒနှင့်အညီ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေ ထူထောင်၍  လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် တောင်သူများ၏ စိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ပြီး တစ်ဦးချင်းဝင်ငွေတိုးတက်စေရန် ရည်ရွယ်ပြီး လယ်ဝေးမြို့နယ်မှာ နွေစပါးစိုက်ပျိုး ထုတ်လုပ်ရေး ဧက ၉၀၀၀ လျာထားဆောင်ရွက်လျက် ရှိပါကြောင်း၊ တစ်ဧက မျှော်မှန်းအထွက်နှုန်း ထွက်ရှိပြီး တောင်သူများ တစ်ဦးချင်းဝင်ငွေ မြင့်မားလာစေရန် စပါးစိုက်ပျိုးထုတ်လုပ်ရာတွင် မျိုးကောင်း မျိုးသန့် သုံးစွဲခြင်း၊ စိုက်နည်းစနစ်များပြောင်းလဲစိုက်ပျိုးခြင်း၊ သတ်မှတ်သွင်းအားစုများ လုံလောက်စွာ ထည့်သွင်းပေးခြင်းနှင့်  ရိတ်သိမ်းချိန်လွန် နည်းပညာများ လိုက်နာဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ နွေစပါးစိုက်ပျိုးရန် ရေလိုအပ်ချက်များကိုလည်း ပေါင်းလောင်းဆည်၊ ချောင်းမငယ်၊ မဒန်းနှင့်  သဲဖြူဆည်တို့တွင် ရေလုံလောက်စွာ သိုလှောင်ထားရှိသည့်အတွက် နွေသီးနှံစိုက်ပျိုးရာသီတွင် လျာထားချက်အတိုင်း စိုက်ပျိုးနိုင်မည် ဖြစ်ပါကြောင်း၊ နွေစပါး စိုက်ပျိုးရာမှာ  တောင်သူများလိုအပ်တဲ့ သွင်းအားစုများဖြစ်တဲ့ ကွန်ပေါင်း ဓာတ်မြေသြဇာနဲ့ ယူရီးယား ဓာတ်မြေသြဇာများကို တန်ဖိုးသင့်ပေးအပ်ပြီးတော့ ထွက်ရှိလာတဲ့ စပါးများကို ပြန်လည်ပေးအပ်ခြင်း လုပ်ငန်းစဉ်များအတိုင်း ဆောင်ရွက်ရမှာဖြစ်ပါကြောင်း၊ တောင်သူများ၊ သက်ဆိုင်ရာဌာနများ လုပ်ငန်းရှင်များနှင့် အသင်းအဖွဲ့များ ပူးပေါင်းညှိနှိုင်း၍ ကြိုးပမ်း ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ နေပြည်တော်ကောင်စီမှ တာဝန်ရှိသူများကလည်း အနီးကပ်ကြီးကြပ်၍ ကူညီဆောင်ရွက်ပေးလျက် ရှိပါကြောင်းနှင့် Green City၊ Clean City၊ Smart City  ဖြစ်လာစေရန်အတွက် မိမိကျရာကဏ္ဍမှ ကြိုးစားဆောင်ရွက်သွား ကြရမည် ဖြစ်ပါကြောင်း စသည်ဖြင့် ပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် စိုက်ပျိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးဝင်းထိန်က နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် နွေစပါးစိုက်ပျိုး ထုတ်လုပ်မည့် အစီအစဉ် များအား ရှင်းလင်းတင်ပြသည်။ ထို့နောက် လယ်ဝေးခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇင်မင်းကိုက ယခုရန်ပုံငွေဖြင့် လယ်ဝေးမြို့နယ်တွင် ဆောင်ရွက်ခွင့်ရသည့်အတွက် အားလုံး ဝိုင်းဝန်းပူးပေါင်း၍ အောင်မြင်စေရေး ဆောင်ရွက်ရမည့် အစီအစဉ်များအား ရှင်းလင်း ပြောကြားသည်။

ထို့နောက် လယ်ဝေးမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးစောဝင်းက နွေစပါး စိုက်ပျိုးထုတ်လုပ်မည့် အစီအစဉ်များအား ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ မြန်မာ့လယ်ယာ စီးပွားနှင့် အများပိုင်ကုမ္ပဏီလီမိတက်နှင့် နေပြည်တော် ဒေသကော်မတီ ဆန်စပါးအသင်းတို့မှ တာဝန်ရှိသူများက နွေစပါးစိုက်ပျိုးထုတ်လုပ်ရေးနှင့် ဝယ်ယူရေးအစီအစဉ်များအား ရှင်းလင်း တင်ပြသည်။

ထို့နောက် ဒေသခံတောင်သူများက နွေစပါးစိုက်ပျိုးရေး၊ ရောင်းချရေးများနှင့် စပ်လျဉ်း၍ မေးခွန်းများ မေးမြန်းရာ သက်ဆိုင်ရာ တိုင်း၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

ဝေကြည် (ပြန်/ ဆက်)