မံစီမြို့နယ်၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပ

မံစီ ဒီဇင်ဘာ ၁၀

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ် အခြေခံပညာအထက်တန်းကျောင်း(မံစီ)၊ ဖုန်ကန်ဒူဝါ ခန်းမ၌ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။

ကလေးသူငယ် အခွင့်အရေးများနှင့် သက်ဆိုင်သည့် အကြောင်းအရာများကို ကျောင်းသား၊ ကျောင်းသူ ကလေးငယ်များ ပိုမိုသိရှိနားလည်စေရန် ရည်ရွယ်၍   မံစီမြို့နယ် ကလေးသူငယ်အခွင့် အရေးများဆိုင်ရာ ကော်မတီက ဟောပြောပွဲကို  ကျင်းပခြင်းဖြစ်ပြီး အသိပညာပေးလက်ကမ်း စာစောင်များကိုလည်း ဖြန့်ဝေခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ကော်မတီအတွင်းရေးမှူး ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဥမ္မာဦးက ကလေးသူငယ်အခွင့်အရေးနှင့် ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး၊ ကလေး သူငယ်အခွင့်အရေးများဆိုင်ရာဥပဒေနှင့် ကျား၊ မ အခြေပြု အကြမ်းဖက်မှုအကြောင်းကို ရှင်းလင်း ဟောပြောဆွေးနွေးခဲ့သည်။ ဆက်လက်၍ တက်ရောက်လာသည့် ကော်မတီအဖွဲ့ဝင်များနှင့် မြို့နယ် အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊ ကျောင်းသား၊ ကျောင်းသူများက ကလေးသူငယ်အခွင့်အရေးများနှင့် ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)