မတ္တရာ ဒီဇင်ဘာ ၉
မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယနေ့နံနက် ၉ နာရီခွဲက အ.ထ.က (မတ္တရာ) အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအု်ပချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရသိန်းမှ အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မေသူမြင့်က "လူငယ်များ ဗလငါး တန်ဖြင့် ပြည့်စုံစေပြီး အသိပညာဗဟုသုတတိုးပွားစေရန်၊ နှုတ်မှုစွမ်းရည်တိုးတက်စေရန်၊ လူငယ်များအချင်းချင်း အသိပညာအတတ်ပညာများ ဖလှယ်နိုင်စေရန်၊ ပူးပေါင်းဆောင်ရွက်တတ် သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်နှင့် စဉ်းစားတွေးခေါ်မှုစွမ်းရည်များ ရင့်သန်စေရန်" စသည်ဖြင့် လူငယ်စကားဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ပြောကြားခဲ့သည်။
ထို့နောက် လူငယ်စကားဝိုင်းစတင်ခဲ့ရာ ဦးဆောင်ဆွေးနွေးသူအဖြစ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မေသူမြင့်က ဦးဆောင်ဆွေးနွေးကာ Grade-11 ကျောင်းသူ မမြတ်ရွှေရည်စိုးမှ လူငယ်နှင့်စာပေခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-9 ကျောင်း သား မောင်ဝဏ္ဏအောင်မှ လူငယ်နှင့်ကျန်းမာရေးခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-10 ကျောင်း သူ မအိကေခိုင်မှ လူငယ်နှင့်မူးယစ်ဆေးဝါး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-10 ကျောင်းသား မောင်ကောင်းစည်သူမှ လူငယ်နှင့်အားကစား၊ အပန်းဖြေခြင်း အစရှိသည့် ခေါင်းစဉ်ပါ အကြောင်း အရာများကို ဆွေးနွေးခဲ့ကြရာ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက မိမိတို့ သိရှိလိုသည်များ မေးမြန်းဆွေးနွေးရာ သက်ဆိုင်ရာခေါင်းစဉ်အလိုက် ပြန်လည်ဆွေးနွေးခဲ့ကြ သည်။ ထို့နောက် အ.ထ.က(မတ္တရာ) ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ငြိမ်းတင့်မှ ကျေးဇူးတင် စကားပြန်လည်ပြောကြားခဲ့ပြီး လူငယ်စကားဝိုင်းတွင် ပါဝင်ဆွေးနွေးခဲ့ကြသည့် ကျောင်းသား ကျောင်းသူများအား မြို့နယ်စီမံအု်ပချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ ဂုဏ်ပြုချီးမြှင့်ငွေများကို ပေးအပ်ခဲ့သည်။
အဆိုပါ လူငယ်စကားဝိုင်းသို့ မြို့နယ်စီမံအု်ပချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကျောင်းအုပ် ဆရာကြီး၊ ဆရာမကြီးများ၊ ဆရာ၊ ဆရာများနှင့် ကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့ သည်။ အခမ်းအနားအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော စာအုပ်၊ စာစောင်များကို ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
စိုးကျော်သူထွေး(မတ္တရာ)