ဒဂုံဆိပ်ကမ်း ဒီဇင်ဘာ ၉
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ နောက်ဆုံးစွန့်ပစ်အမှိုက်ပုံ လုပ်ငန်းစီမံကိန်းအတွင်း ပါဝင်သွားသောမြေဧရိယာ(၁၀၈.၀၇)ဧကအတွက် နစ်နာသည့်မူလတောင်သူ(၁၉)ဦးအား နစ်နာကြေး၊ လျော်ကြေးငွေပေးအပ်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ(၁:၀၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်းသိရသည်။
အခမ်းအနားတွင် ဒဂုံမြို့သစ်ခရိုင်၊ လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌဦးအောင်ကိုက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးစိုးလွင်က လျော်ကြေးငွေပေးအပ်ခြင်းနှင့်ပတ်သက်၍ပြောကြားရာတွင် မြေစစ်မူဝါဒနှင့်အညီဆောင်ရွက်ခဲ့ပါကြောင်း၊ မြေစစ်အဖွဲ့များနှင့်စိစစ်ပြီး ခွင့်ပြုချက်ရရှိအောင် အဆင့်ဆင့်ဆောင်ရွက်ခဲ့ပါကြောင်း၊ မြေပြင်သို့ အကြိမ်ကြိမ်ကွင်းဆင်းပြီး စစ်ဆေးခဲ့ရပါကြောင်း၊ တစ်ဧကကို ကျပ်သိန်း ၁၀၀ နှုန်းဖြင့် ပေးအပ်သွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ သရက်ပင်ချောင်းကျေးရွာ၊ နောက်ဆုံးစွန့်ပစ်အမှိုက်ပုံလုပ်ငန်းစီမံကိန်းအတွင်း ပါဝင်သွားသောနစ်နာသည့်မူလတောင်သူ(၁၉)ဦးအား တာဝန်ရှိသူများကတစ်ဧကလျှင် သိန်း ၁၀၀ နှုန်းဖြင့်(၁၀၈.၀၇)ဧကအတွက် စုစုပေါင်းငွေကျပ်သိန်းပေါင်း(၁၀၈၀၇)အား လျော်ကြေးငွေပေးအပ်ခဲ့ပြီး တောင်သူတစ်ဦးမှကျေးဇူးတင်စကားပြောကြားခဲ့ပြီး အခမ်းအနားကိုရုပ်သိမ်းခဲ့ကြောင်း သိရသည်။
အေးမဥ္ဇူ(ပြန်/ဆက်)