ဒဂုံအရှေ့ ဒီဇင်ဘာ ၉
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားတီဘီရောဂါတိုက်ဖျက်ရေးစီမံကိန်း၊ ရန်ကုန်တိုင်းဒေသကြီး၊ တီဘီရောဂါတိုက်ဖျက်ရေးဌာနနှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ အမှတ်(၁၂)ရပ်ကွက်သာသနဝေပုလ္လဓမ္မာရုံတွင် ယနေ့နံနက်(၉)နာရီက အများပြည်သူကျန်းမာရေးအတွက် တီဘီရောဂါကွင်းဆင်းရှာဖွေကုသပေးခြင်းနှင့် အထွေထွေရောဂါများစစ်ဆေးခြင်းကို ခေတ်မီဓါတ်မှန်စက်ကြီးများဖြင့် ရောဂါရှာဖွေကာကုသပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါကျန်းမာရေးစစ်ဆေးပေးရာတွင် ရန်ကုန်တိုင်းတီဘီရောဂါတိုက်ဖျက်ရေးဌာနဝန်ထမ်းများအဖွဲ့နှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနဝန်ထမ်းတို့က ရပ်ကွက်နေပြည်သူများအား "တီဘီရောဂါကင်းဝေးဖို့အားလုံးလက်တွဲပါဝင်လို့စက္ကန့်မနှေးဆောင်ရွက်စို့"ဟုဆောင်ပုဒ်အတိုင်း တီဘီရောဂါကွင်းဆင်းရှာဖွေကုသခြင်းနှင့် အထွေထွေရောဂါများခေတ်မီဓာတ်မှန်စက်ကြီးများဖြင့် (အခမဲ့)ရောဂါရှာဖွေစစ်ဆေးကုသပေးခြင်း ကျန်းမာရေးစောင့်ရှောက်မှုများအား ဆောင်ရွက်ပေးလျက်ရှိရာ အမှတ်(၁၂)ရပ်ကွက်တွင် ဒီဇင်ဘာ ၈ ရက်နေ့မှစတင်ကာ ဒီဇင်ဘာ(၉)ရက်အထိ ကွင်းဆင်းကုသလျက်ရှိရာ ဓာတ်မှန်ရိုက်ကျား(၂၀)၊ မ(၄၁)၊ သလိပ်စစ်(၁၆)ယောက်နှင့် တီဘီဆေးထိုး(၇)ယောက် စုစုပေါင်း(၈၄)ယောက်စစ်ဆေးကုသပေးကြောင်း သိရှိရသည်။
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ ရန်ကုန်တိုင်းတီဘီရောဂါတိုက်ဖျက်ရေးဌာနနှင့် မြို့နယ်ပြည်သူကျန်းမာရေးဦးစီးဌာနဝန်ထမ်းများပူးပေါင်းကာ ရပ်ကွက်အလိုက်အများပြည်သူကျန်းမာရေးကြိုတင်စစ်ဆေးခြင်းနှင့် တီဘီရောဂါခေတ်မီဓာတ်မှန်စက်ကြီးများဖြင့် စစ်ဆေးကုသပေးခြင်းကို ဒီဇင်ဘာလ(၇)ရက်နေ့မှစတင်ကာ ယနေ့အထိမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ရပ်ကွက်တာဝန်ရှိသူတို့က လိုအပ်သည်များကို ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။
ဝင်းအိမွန်(ပြန်/ဆက်)