ပေါင်မြို့နယ် အခြေခံပညာအထက်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းပြုလုပ်

ပေါင် ဒီဇင်ဘာ ၉

မွန်ပြည်နယ်၊ ပေါင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍  စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကို ယနေ့နံနက်ပိုင်းက (အထက ) ကျွဲခြံကျောင်းလမင်းတစ်ရာခန်းမ၌ကျင်းပ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အထက ကျွဲခြံကျောင်းအုပ်ကြီး ဒေါ်မြတ်မြတ်မိုးက အမှာစကား ပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်တင်ဇာစိုးက ကျောင်းသား ကျောင်းသူများအနေဖြင့် ကျောင်းမှသင်ကြားပေးသည့်  ပညာရပ်များအပြင် စာအုပ်၊ စာပေ လေ့လာခြင်းအားဖြင့် အသိပညာများ ဖွံ့ဖြိုးလာ၍ အမှား၊ အမှန် ဝေဖန်ပိုင်းခြားလာနိုင်ပြီး၊ မိမိပတ်ဝန်းကျင်အား အကျိုးပြုနိုင်မည့် လူငယ်များဖြစ်လာမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ (အထက) ကျွဲခြံကျောင်းမှ ကျောင်းသား မောင်စွမ်းရည်ပိုင်၊ မောင်သက်ပိုင်ဦး၊ ကျောင်းသူ မဇင်မီမီကို၊ မရတနာဦးတို့က ၎င်းတို့ ဖတ်ရှုလေ့လာထားသည့် စာပေရေးရာ အသိပညာများ အားဆွေးနွေးကြရာ တက်ရောက်လာကြသော ကျောင်းသား ကျောင်းသူများက သိလိုသည်များကိုမေးမြန်း ဆွေးနွေးရာ စာပေဝါသနာရှင်များမှ ပြန်လည်ဖြေကြားခဲ့ပြီး ဆရာမဒေါ်ကြည်ကြည်ဝေက ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့သည်။

အဆိုပါ စာဖတ်ရှိန်မြှင့်တင်ရေးလူငယ် စကားဝိုင်းဆွေးနွေးပွဲသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများ၊ အထက-‌ကျွဲခြံ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ စုစုပေါင်းအင်အား (၂၅၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)