မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်လင်းထွန်း မော်လမြိုင်လေဆိပ်တွင် ရန်ကုန် - မော်လမြိုင် ရန်ကုန်သီးသန့်လေယာဉ်ခရီးစဉ် ပြေးဆွဲနေမှုအခြေအနေအား ကြည့်ရှုစစ်ဆေး

မော်လမြိုင်   ဒီဇင်ဘာ   ၉

မွန်ပြည်နယ်အတွင်း ကိုဗစ်- ၁၉ ရောဂါကာလအတွင်းလေကြောင်းခရီးစဉ်ပြေးဆွဲမှုများ ယာယီရပ်နားထားခဲ့ရပြီး မော်တော်ယာဉ်များနှင့်မီးရထားခရီးစဉ်များကိုသာအားထား၍ ခရီးသွားလာနေရသည့်အတွက်  အများပြည်သူများ ခရီးသွားလာရာ၌ နှောင့်နှေးကြန့်ကြာမှုများ မဖြစ်ပေါ်စေရေးနှင့်လွယ်ကူ လျင်မြန်စွာခရီးသွားလာနိုင်ရေးအတွက် ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်လင်းထွန်း၊ ပြည်နယ်အဆင့်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက မော်လမြိုင်လေဆိပ်တွင် ရန်ကုန်-မော်လမြိုင်-ရန်ကုန် သီးသန့်လေယာဉ်ခရီးစဉ် ပြေးဆွဲနေမှုအခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့သည်။

ရှေးဦးစွာ လေဆိပ်တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ ပြည်နယ်ဝန်ကြီးချုပ်က ခရီးစဉ်အတွင်း လုံခြုံရေးနှင့်အန္တရာယ်ကင်းရှင်းရေးအတွက် ဦးစားပေးဆောင်ရွက်ရန်၊ လေဆိပ်ပရိဝုဏ် သန့်ရှင်းသာယာလှရေး အလေးထားဆောင်ရွက်ရန်၊ ခရီးသွားပြည်သူများ စိတ်အေးချမ်းမြေ့မှုရှိစေရေးနှင့် ကောင်းမွန်သောခရီးသွားဝန်ဆောင်မှုများပေးရန်ဖြင့် လမ်းညွှန်မှာကြားခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မော်လမြိုင်လေဆိပ်၌ ခရီးစဉ်ဆိုက်ရောက်/ ထွက်ခွာလုပ်ငန်းစဉ်များအား သက်ဆိုင်ရာဌာနများမှ ဆောင်ရွက်နေမှုအခြေအနေ၊ လေယာဉ်ပြေးလမ်း ထပ်ပိုးလွှာခင်းခြင်း ဆောင်ရွက်ပြီးစီးမှု အခြေအနေတို့အား ကြည့်ရှုစစ်ဆေးခဲ့ပြီးမွန်ပြည်နယ်အတွင်း လေယာဉ်ခရီးစဉ်ပြေးဆွဲမှုအနေဖြင့် မြန်မာအမျိုးသားလေကြောင်းလိုင်းမှ ရန်ကုန်- ကော့သောင်း - မော်လမြိုင် - ရန်ကုန်ခရီးစဉ်ကို အပတ်စဉ်တနင်္လာနေ့နှင့် သောကြာနေ့များတွင်လည်းကောင်း၊  AirThanlwin လေကြောင်းလိုင်းမှ ရန်ကုန် - မော်လမြိုင် - ရန်ကုန် သီးသန့်လေယာဉ်ခရီးစဉ်များကို အပတ်စဉ်တနင်္လာနေ့နှင့် သောကြာနေ့များတွင်လည်းကောင်း တစ်ပတ်လျှင်(၂)ကြိမ်စီဖြင့် အသီးသီးပြေးဆွဲလျက်ရှိကြောင်း သိရှိရသည်။

ခရိုင်ပြန်/ဆက်