ပင်းတယ ဒီဇင်ဘာ ၉
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့၌ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ မတည်ထောက်ပံ့ငွေပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးရုံး အစည်းအဝေးခန်းမ (၁)တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ယင်းအခမ်းအနား၌ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းမှ ပြောကြားရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံးမှ နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် ဖော်ဆောင်ရာတွင် ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံ့စီးပွားရေးရန်ပုံငွေမှ မတည်ငွေများအား ထောက်ပံ့ပေးလျက်ရှိရာ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မိမိတို့ဒေသအတွင်း စိုက်ပျိုးရေး၊ မွေးမြူရေး၊ စီးပွားရေး အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိလာမည်ဖြစ်သည့်အတွက် အကျိုးရှိစွာ အသုံးချစေလိုကြောင်း၊ ကျေးရွာသူ/ ကျေးရွာ သားများ၏ လူနေမှုဘဝ ပိုမိုဖွံ့ဖြိုးတိုးတက်၍ လုပ်ငန်းများ အဆင်ပြေချောမွေ့ပါစေကြောင်းနှင့် ယနေ့သည် မင်္ဂလာရှိသည့် နေ့တစ်နေ့ဖြစ်ပါကြောင်း စသည်ဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ မတည်ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားတွင် အဖွင့်အမှာစကား ပြောကြားပေးသည်။
ထို့နောက် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဥက္ကဋ္ဌက ရန်ပုံငွေများပေးအပ်ရာ ပင်းတယမြို့နှင့် ရွာငံမြို့နယ် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေစီမံကိန်းကြီးကြပ်မှဥက္ကဋ္ဌများမှ လက်ခံရယူသည်။ ဆက်လက်၍နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှချေးငွေရရှိသည့် အစုအဖွဲ့ကိုယ်စားလှယ်တစ်ဦးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ နိဂုံးချုပ်အမှာစကား ပြောကြားပေးခဲ့ကြောင်း သိရှိရသည်။
အောင်ကိုဦး (ပြန်/ဆက်)