ကျိုင်းတုံမြို့၌ ဖမ်းဆီးရမိသည့် စက်သံဆူညံစေသည့်ပါဝါအေ့ဇောများ ဖျက်ဆီး

ကျိုင်းတုံ ဒီဇင်ဘာ ၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ဖမ်းဆီးရမိသည့် စက်သံဆူညံစေသည့် ပါဝါအေ့ဇောများဖျက်ဆီးခြင်း အခမ်းအနားကို ဒီဇင်ဘာ ၉ ရက် နံနက် ၁၀ နာရီက  အမှတ်(၁၉)ယာဉ်ထိန်းရဲတပ်ဖွဲ့(ရှမ်းအရှေ့)ရုံးရှေ့တွင် ကျင်းပသည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်း ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလမှ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၈ ရက်အထိ မော်တော်ဆိုင်ကယ်များတွင် အသံဆူညံစေသည့် ပါဝါအေ့ဇောများ တပ်ဆင်ထားရှိသည့် စည်းကမ်းပျက်မော်တော်ဆိုင်ကယ်များမှ သိမ်းဆည်းရမိသည့် ပါဝါအေ့ဇော ၂၅၆ ခုအား လမ်းကြိတ်စက်ဖြင့် ကြိတ်ခြေဖျက်ဆီးနေမှုအား ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့) ဥက္ကဋ္ဌဦးရဲနိုင်၊ ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူး (ကျိုင်းတုံ)ရဲမှူးကြီးမြင့်ကျော်၊ အမှတ်(၁၉)ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲမှူး(ရှမ်းအရှေ့)၊ ရဲမှူးသန်းနိုင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကြည့်ရှအားပေးခဲ့ကြောင်း သိရသည်။

ကျိုင်းတုံမြို့နယ်တွင် မော်တော်ဆိုင်ကယ် ပါဝါအေ့ဇောသံ ဆူညံမှုများကြောင့် ညအချိန်များတွင် ပတ်ဝန်းကျင်နှင့်အများပြည်သူများ အနှောက်အယှက် မဖြစ်စေရေး ထိထိရောက်ရောက် အရေးယူတားဆီးနိုင်ရန် ဒေသခံများက လိုလားလျက်ရှိကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)