ထန်းတပင်(ရန်ကုန်) ဒီဇင်ဘာ ၉
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆိုင်ရာများအား ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ မှော်ဘီခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်နိုင်က နွေစပါး၊ မိုးစပါးနှင့် နေကြာသီးနှံများ လျာထားချက်ဧကပြည့်မီစွာ စိုက်ပျိုးသွားနိုင်ရေး၊ တောင်သူများအား ဓာတ်မြေဩဇာများကို သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးသွားမည့် အစီအစဉ်များ၊ စိုက်ပျိုးစရိတ်ချေးငွေများ ပြန်လည်ပေးဆပ်နိုင်ရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအကြောင်းကို ရှင်းလင်းပြောကြားခဲ့ပြီး မှော်ဘီခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး ဝေမိုးအောင်က နယ်မြေလုံခြုံရေးကိစ္စရပ်များကို ဆွေးနွေးသည်။
ထို့နောက် တက်ရောက်လာကြသည့် မြို့နယ်ဌာနဆိုင်ရာများက ဌာနမှဆောင်ရွက်နေသည့် လုပ်ငန်းများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူး များက မိမိတို့ဒေသဖွံ့ဖြိုးရေးလုပ်ငန်း လိုအပ်ချက်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ကြရာ ရှင်းလင်းတင်ပြချက်များအပေါ် တာဝန်ရှိသူများက ပြန်လည်၍ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာ အကြီးအကဲများနှင့် ရပ်ကွက်၊ ကျေးရွာအုပ်စုများမှ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကျေးစာရေးများ တက်ရောက်ကြောင်းလည်း သိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)