တောင်ကြီးမြို့ လူထုအခြေပြုဗဟိုဌာနတွင် LCCI နှင့် အခြေခံအင်္ဂလိပ်စာသင်တန်း ဖွင့်လှစ်

တောင်ကြီး ဒီဇင်ဘာ ၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Open Learning Taunggyi တို့ ပူးပေါင်းဖွင့်လှစ်သည့် LCCI နှင့် အခြေခံအင်္ဂလိပ်စာသင်တန်းအမှတ်စဉ် (၂/၂၀၂၂)ဖွင့်ပွဲအခမ်းအနားကို လူထုအခြေပြုဗဟိုဌာန(Community Centre)၊ တောင်ကြီး၊ ဘက်စုံသုံးခန်းမတွင် ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူး ဒေါ်ရွှေရွှေမြင့်က အဖွင့်အမှာစကား ပြောကြားရာတွင် လူငယ်များအနေဖြင့် ခေတ်နှင့်လျော်ညီသည့် Internet, Computer, English (ICE)ပညာများကို တတ်ကျွမ်းရန်လိုအပ်ကြောင်း၊ လူငယ်များ LCCI နှင့် အင်္ဂလိပ်စာပညာရပ်များကို တတ်မြောက်နိုင်စေရန် ယခုသင်တန်းအား ဖွင့်လှစ်သင်ကြားပေးရခြင်းဖြစ်ကြောင်း၊ သင်တန်းနည်းပြများ၏ ပို့ချချက်များအပေါ် သေသေချာချာ လိုက်နာသင်ယူပြီး ကျွမ်းကျင်အောင်ကြိုးစားကြစေလိုကြောင်းပြောကြားပြီး၊ Open Learning Taunggyi တည်ထောင်သူ ဦးအောင်ကျော်က ယခုဖွင့်လှစ်သည့်သင်တန်းတွင် ပို့ချမည့် ဘာသာရပ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် တောင်ကြီးခရိုင် ဦးစီးမှူး ဦးနိုင်ဝင်းထွန်းက သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီး အဆိုပါ သင်တန်းကို ဒီဇင်ဘာလ ၁၀ ရက်နေ့မှ စတင်၍  စနေ၊ တနင်္ဂနွေရက်များတွင် သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး သင်တန်းကာလ ၃ လ ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။

ဇော်နိုင်လင်း