လင်းခေးတွင် သဘာဝဘေးလျော့ပါးရေးစေ တနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား)သင်တန်းဖွင့်ပွဲ အခမ်းအနားပြုလုပ်

လင်းခေး ဒီဇင်ဘာ ၉

လူမှုကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လင်းခေးခရိုင် ဦးစီးဌာနမှူးရုံးမှကြီးမှူး၍ လင်းခေးမြို့နယ်တွင် သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်း လူငယ်(ဆင့်ပွား)သင်တန်း(၁/၂၀၂၂)သင်တန်း ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာလ ၇ ရက် နံနက် ၈နာရီက အဆိုပါ ဦးစီးဌာနရုံးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် လင်းခေးခရိုင်သဘာဝ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

ခရိုင်ဥက္ကဋ္ဌမှ အဖွင့်အမှာစကားပြောကြားရာတွင် မိမိတို့ လင်းခေးခရိုင်အနေဖြင့် ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်ကြောင့် ဘေးအန္တရာယ်များ ပိုမိုဖြစ်ပွားခဲ့သည်ကို တွေ့ရှိရပြီး၊ ၂၀၁၉ ခုနှစ်မှ ယနေ့အထိ (၃)နှစ်တာကာလအတွင်း သဘာဝဘေးဖြစ်ပွားမှုအကြိမ်ပေါင်း (၄၅)ကြိမ် ဖြစ်ပွားခဲ့သည်အား တွေ့ရှိရပါကြောင်း၊ ယင်းသို့ဖြစ်ပွားမှုများ၌ လေဘေးဖြစ်ပွားမှုမှာ အခြားဘေးများထက် ပိုမိုဖြစ်ပွားလျက်ရှိသောကြောင့် လေဘေးလျော့ပါးရေးလုပ်ငန်းစဉ်များအား တိုးမြင့်ဆောင်ရွက် သွားကြရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

ဆက်လက်ပြီး လင်းခေးခရိုင်အတွင်း ယခုနှစ်မိုးရာသီကာလက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်ကျရေများစီးဆင်း ဝင်ရောက်လာကာ ဈေးတန်းရပ်ကွက်၊ ရွာမ ကြီးအရှေ့ရပ်၊ ဝမ်မပျင်း၊ ဒါးဆိပ်ကျေးရွာအုပ်စုနှင့် နောင်လုံကျေးရွာအုပ်စုတို့၌ ရေဝင်ရောက်မှုများ ကြုံတွေ့ခဲ့ရပြီး လူနေအိမ် (၁၅၀)လုံးခန့် ရေဘေးအန္တရာယ်ဖြစ်ပေါ်ခဲ့သည်ကြောင့် ဘေးအန္တရာယ်ကြိုတင်ကာ ကွယ်ရေးလုပ်ငန်းများကို သက်ဆိုင်ရာခရိုင် အဆင့်၊ မြို့နယ်အဆင့်အလိုက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိသွားကြရန်လိုကြောင်းတို့ကို ထည့်သွင်းပြောကြား ပေးခဲ့ပါသည်။

ဆက်လက်၍ လင်း‌ခေးခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးဦးနေဝင်းက သင်တန်းဖွင့်လှစ် ရခြင်းရည်ရွယ်ချက်နှင့် စပ်လျဉ်းသည်များကို ရှင်းလင်းပြောကြားခဲ့ပြီးနောက် ခရိုင်အဆင့် သဘာဝ‌ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌက သင်တန်းသားများထံ သင်ထောက်ကူပစ္စည်းများပေးအပ် ကာ ဖွင့်ပွဲအခမ်းအနားကို ရုတ်သိမ်းလိုက်သည်။

သင်တန်းတွင် မီးဘေးကြိုတင်ကာကွယ် ရေးနှင့်ရှာ‌‌ဖွေကယ်ဆယ်ရေးဘာသာရပ်၊ရာ သီဥတုပြောင်းလဲခြင်းနှင့်ဘေးအန္တရာယ်များ၊ ရပ်ရွာလူထုအခြေခံသော ဘေးအန္တရာယ်စီမံခန့်ခွဲမှု ဘာသာရပ်၊ လူမှုကယ်ဆယ်ရေးနှင့်ပြန် လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ (ကျား/မ)အခြေပြုအကြမ်းဖက်မှုဆိုင်ရာ အသိပညာပေး၊ ဘေးအန္တရာယ်နှင့် ဖွံ့ဖြိုးတိုးတက်မှုနှင့်ဘေးအန္တရာယ် စီမံခန့်ခွဲမှု ဝေါဟာရများ၊ သတင်းထုတ်ပြန်ခြင်းနှင့် သတင်းအချက်အလက်မျှဝေခြင်း၊  မြန်မာနိုင်ငံ ဘေးအန္တရာယ်များအကြောင်း၊ သဘာဝဘေးစီမံခန့်ခွဲမှု(ဥပဒေ)ဘာသာရပ်နှင့် ရာသီဥတုပြောင်းလဲခြင်းနှင့်ဘေးအန္တရာယ်များဆိုင်ရာဘာသာရပ်များကို ခရိုင်နှင့် မြို့နယ်အဆင့်ဌာနမှ သင်တန်းနည်းပြများဖြင့် ပို့ချ‌သင်ကြားပေးသွားမည်ဖြစ်သည်။

သင်တန်း၌ မြို့နယ်အတွင်းရှိသင်တန်း သားသင်တန်းသူစုစုပေါင်း (၃၀)ဦးတို့ တက်ရောက်ကြ မည်ဖြစ်ပြီး သင်တန်းကာလ(၃) ရက်တာဖြစ်ကြောင်း ခရိုင်ဘေးစီမံဦးစီးဌာနမှ သိရသည်။

စိုင်းဇော်လတ်(လင်းခေး)