နွားထိုးကြီးမြို့နယ်၌ မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်း (၁၀) ဧကစိုက်ပျိုးထား

နွားထိုးကြီး စက်တင်ဘာ  ၂၂

မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၌ ၂၀၂၀ ပြည့်နှစ် မိုးရာသီတွင် မနောသုခစပါးမျိုးကို မျိုးသန့် မျိုးပွားမျိုးစေ့ (Rs) မှ စီးပွားဖြစ် မျိုးသန့်မျိုးစေ့ (Cs) ဖြင့် မျိုးစေ့ထုတ်လုပ်မည့် မိုးစပါး မျိုးစေ့ထုတ်စိုက်ခင်း (၁၀) ဧကကို စိုက်ပျိုးဆောင်ရွက်လျက်ရှိပြီး မျိုးစေ့ထုတ် စိုက်ခင်းများမှ မျိုးသန့်မျိုးစေ့များရရှိရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက တောင်သူများနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

“စိုက်ခင်းများကို မျိုးသန့်မျိုးစေ့ရရှိဖို့အတွက် စပါးပင်အပင်ပွားစည်းချိန်၊ ပန်းပွင့်ချိန်နှင့် စပါးနှံများရင့်မှည့် ချိန်ကာလတွေမှာ မျိုးကွဲနုတ်ပယ်တဲ့ လုပ်ငန်းတွေကို လုပ်ဆောင်ရပါတယ်။ စပါးပင်သက်တမ်းတစ်လျှောက် စိုက်ခင်းတွေကိုလည်း ကွင်းဆင်းစစ်ဆေးပြီး ပေါင်းနုတ်၊ မြက်နုတ် စသည့်လုပ်ငန်းတွေအပြင် မျိုးကွဲပင်၊ မြက်သီးပင်နှင့် ဆန်နီပင်တွေကို တွေ့တာနဲ့ ချက်ချင်းနုတ်ပယ်ပစ်ဖို့ တောင်သူတွေကိုလည်း ပညာပေးဆောင်ရွက်လျက်ရှိပါတယ်”ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါ မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်းများကို ခက်လန်းဆည်ရေသောက်ဖြင့် နွားထိုးကြီးမြို့နယ် ခက်လန်းကျေးရွာတွင် (၁၀) ဧက စိုက်ပျိုးထားလျက်ရှိကြောင်း သိရသည်။

နိုင်လင်း(ပြန်/ဆက်)