သီပေါမြို့ လူထုအခြေပြုဗဟိုဌာနတွင် အသိပညာပေးနံရံကပ်စာစောင်ပြသခြင်းနှင့် ပြိုင်ပွဲများ ပြုလုပ်ဆောင်ရွက်

သီပေါ ဒီဇင်ဘာ ၉

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမ( Community Centre) တွင် ကျောင်းသား၊ ကျောင်းသူများ ဉာဏစွမ်းရည်များ ဖွံ့ဖြိုးတိုးတက်စေရန်၊ မြန်မာစာလုံးပေါင်းသတ်ပုံ အမှန်သိရှိစေရန်၊ မြန်မာစကားပုံများနှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်နှင့် စာဖတ်စွမ်းရည်များ တိုးတက်လာစေရန် ရည်ရွယ်၍ မြန်မာစာလုံးပေါင်းသတ်ပုံ အမှန်ရွေးပြိုင်ပွဲ၊ မြန်မာစကားပုံဆက်ပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲများနှင့် အသိပညာပေးနံရံကပ်စာစောင်များ ပြသဆောင်ရွက်ခြင်းကို ယနေ့နံနက်(၁၀)နာရီက ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်နီလာစိုးက ပြိုင်ပွဲစည်းမျဉ်း၊ စည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့ပြီးနောက် Grade-7 ကျောင်းသား၊ ကျောင်းသူ(၁၅)ဦးတို့က မြန်မာစာလုံးပေါင်းသတ်ပုံ အမှန်ရွေးပြိုင်ပွဲ၊ မြန်မာစကားပုံဆက်ပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများကို အသီးသီး ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

ဆက်လက်၍ ပြိုင်ပွဲများတွင်ဆုရရှိသော ကျောင်းသား၊ကျောင်းသူကလေးများနှင့် ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများအား ဦးစီးအရာရှိဒေါ်ခင်နီလာစိုးနှင့် ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းသန္တာအေးတို့က ဆုနှင့်အမှတ်တရလက်ဆောင်များ အသီးသီးပေးအပ်ခဲ့ကြကြောင်းနှင့် ပြသထားသော အသိပညာပေး နံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာ လေ့လာခဲ့ကြကြောင်း  သိရသည်။

ခင်လေး(သီပေါ၊ပြန်/ဆက်)