မြောက်ဥက္ကလာပ စက်တင်ဘာ ၂၂
ကိုဗစ်-၁၉ရောဂါ ပြည်တွင်းကူးစက်မှု များပြားလာသည်နှင့်အမျှ ရောဂါပိုးရှိသူများနှင့် ဆက်စပ်သူများ၊ သံသယရှိသူများ ထားရှိနိုင်ရန် ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်ရှိ မယ်လမုသုံးထပ်ဓမ္မာရုံတွင် ဖွင့်လှစ်ခဲ့သည့် Quarantine Centre အပြင် အခြေခံပညာကျောင်းများဖြစ်သည့် အ.ထ.က(၁)၊ အ.ထ.က(၅)၊ အ.ထ.က(၇)၊ အ.ထ.က(ခွဲ)လ(၁၀)ကျောင်းတွင် Quarantine Centre များ ဖွင့်လှစ်နိုင်ရန် မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ၏ ကြီးကြပ်မှုဖြင့် ပြင်ဆင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ ပြင်ဆင်ရာတွင် (င)ရပ်ကွက်၊ အ.ထ.က(၅)ကျောင်းရှိ Quarantine Centreကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ညွှန်ကြားချက်နှင့်အညီ ပြင်ဆင်ဆောင်ရွက် ခဲ့ရာ ယမန်နေ့ညနေ ၄ နာရီကစ၍ Quarantine ဝင်ရောက်သူ (၂၀)ဦးအား စတင်ထားရှိ ခဲ့ပြီး အဆိုပါကျောင်းတွင် လူဦးရေ (၄၉)ဦးအထိ ထားရှိသွားမည် ဖြစ်ကြောင်း၊ လိုအပ်သည့် စောင်၊ ခေါင်အုံး၊ ခြင်ထောင်နှင့် တစ်ကိုယ်ရေသုံးပစ္စည်းများ၊ မနက်စာ၊ နေလယ်စာ၊ ညနေစာများကို စီစဉ်ဆောင်ရွက် ပေးလျက်ရှိကြောင်း၊ ကျန်းမာရေး စောင့်ရှောက်မှုများကို ကျန်းမာရေးဦးစီးဌာန၏ လမ်းညွှန်မှုဖြင့် ဆောင်ရွက်လျက် ရှိကြောင်း၊ အလှူရှင်များအနေဖြင့် Quarantine Centre အတွက် လိုအပ်ချက်များကို လှူဒါန်း နိုင်ကြောင်း (င)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဒေါ်မွန်မွန်အောင်၏ ပြောကြားချက် ကိုလည်း သိရသည်။
မြမြဝင်း(ပြန်/ဆက်)